Thursday, December 31, 2009

မခမ်းနားတဲ့ ထွက်သက်



Written by လင်းစက်နွယ်

Monday, 31 August 2009 00:00

ဘယ်နေရာကလဲ
မြေကြီးထဲကလား၊ ဟိုးသမုဒ္ဒရာရဲ့
အနက်ရှိုင်းဆုံးချောက်ထဲကလား... နားထောင်ပါ lubb dub... lubb dub......
လူထဲကပုထုဇဉ်တစ်ယောက်မို့
နှလုံးခုန်သံတွေက မြင်းလို
ဒုန်းစိုင်းကဆုန်ပေါက်
ဟိုတစ်နေရာ... သည်တစ်နေရာ
ခြေရာတွေ ပြန့်ကျဲတဲ့ဆီကြည့်တော့
လူတစ်ယောက်ရဲ့ ဈာပနအတွက်
ကျလာတဲ့ ...(အပေါစား)
အဲသလိုမျက်ရည်ပေါက်တွေဟာ ဖျားနာဆောင်တစ်ခုရဲ့
ဆရာဝန်လို့ အမည်တပ်ခံရသူထံက
ဘုရားပေးပေး၊ ကျမ်းပေးပေးပေါ့
သူတစ်ယောက်ထဲကပါ...။

ဟော... နာဂစ်ကြောင့် မြန်မာပြည်အထက်ပိုင်းက
အဖျားခတ်ရုံ ဆိုပေမယ့်
ဧရာဝတီက
အလူးအလဲ သောက်ရှက်ကွဲသလိုမျိုးပေါ့
အဲသလို... လူနာသေလို့ငိုတာ ငါတစ်ယောက်တည်း။

ခြေရာဖျောက်ကောင်းတဲ့သေမင်းတစ်ကောင်ဟာ
ငါ့ကို အစိမ်းသက်သက်မျက်လုံးမျိုးနဲ့
ဟော...ဟို ခွဲစိတ်ခန်းမီးဆလိုက်အောက်မှာ ကြည့်နေရဲ့
ထမင်းစားပြီးပလား...
အဲသလို ငါ မမေးပါဘူး
အဲဒီအရိုင်းအစိုင်းက
ထမင်းစားမှာမဟုတ်
သူစားမှာ ငါသိတယ်... ကြည့်ပေါ့
ခွဲစင်ပေါ်က အပြစ်မဲ့လူနာကိုပေါ့...။

သွေးလွှတ်ကြောမကြီးပေါက်
အနီရင့်ရောင်ဝိုင်အိုတွေ ပန်းထွက်
စက်လက်... စက်လက်...
နောက်ဆုံး ဟက်တက်ကွဲ
မော်ဒန်မဆန်စွာ
ပြတ်တောက်သွားတဲ့ ကွန်နက်ရှင်ထဲ
ကပ်ငြိဆဲ ငါးတစ်ကောင်ရဲ့ ဖုတ်လှိုက်ဖုတ်လှိုက် ပါးဟက်လို
ငါနဲ့သေမင်း... လွန်ဆွဲနေကြ
ဖြုတ်ခနဲ ဖြတ်ခနဲ လက်ခနဲ
လက်ရဲ... ဇက်ရဲ
အမြီးကျက် အမြီးစား
ခေါင်းကျက် ခေါင်းစား
နောက်ထပ်အသက်တစ်ချောင်း ပလူပျံသွားတာကို
နှာခေါင်းစည်းအောက်က
အတောမသတ် အရည်စုတ်တွေက
ထောမနာပြု
အဲသလို... လူနာသေလို့ငိုတာ ငါတစ်ယောက်တည်း...။

နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ဘူးတဲ့ ပါးစပ်ပိတ်ထားစမ်းပါ
အာခေါင်ခြစ်အော်ပစ်လိုက်ပေါ့
ဒါပေမယ့်... လေထုကို
သူ ထိုးဖောက်ဖြိုခွင်းသွားပုံကိုက
ငါ့ကိုဖက်ထားပါတဲ့...
အဲသလို အသည်းယားချင်စရာကောင်းပေမယ့်
ခပ်အိုအိုတိုက်နယ်ဆေးရုံ... ဟိုအထဲ ချောင်းကြည့်လိုက်တော့
ငှက်ဖျားထပြီး တုန်ခိုက်နေ
သူ့ကိုငါဖက်၊ ငါ့ကိုသူဖက်
အပြန်အလှန်ဖက်။

Cerebral Malaria...... ငှက်ဖျားပိုးကို လက်ညှိုးနဲ့ တစ်ကောင်ချင်းစီ
စိတ်ရှည် လက်ရှည်ဖယ်ထုတ်နေရင်းကပဲ... ကပဲ...
ဟော...
ကြွေသွားတဲ့ ထန်းသီးကိုမှ တမင်တကာတက်နင်းမိ
ကျီးအတစ်ကောင်အတွက်
မြန်မာပြည်ဖြစ် တဘက်တစ်ထည်က
သုတ်ပေးရဲ့။
မျက်ရည်စအကျိုးအကြေတွေ
ကြွေပြန်ပေါ့
အဲသလို လူနာသေလို့ငိုတာ ငါတစ်ယောက်တည်း...။

ဟော... ဖြုတ်ခနဲ သက်ဆင်းပြီး
ငါ့ရင်ကို ထုတ်ချင်းခတ်စေခဲ့တာ
ဘာပါလိမ့်...
ပင်စည်တစ်ခုလုံးပျံ့နှံ့နေသတဲ့
ကင်ဆာဆဲလ်အိုတွေပေါ့
ခုတော့ ငါ့အလှည့်ပေါ့... ငါ့အလှည့်ပေါ့လို့
ခနဲ့တဲ့တဲ့ ရယ်လိုက်ပေမယ့်
စက်ရုံ စုတ်ချာချာတစ်လုံးဆီက ရေဆိုးမြောင်းထဲ
ညှီဟောက်ကပ်ငြိပါသွား
ပြန်လည် Rewind ရစ်ကြည့်လိုက်တော့
ငါက ဆရာဝန်စစ်စစ်ဖြစ်ခဲ့သတဲ့
ထမင်းမမြိုနိုင်တော့
သူက အဲသည်ပီတိကိုစား
များမကြာမီမတော့
ငါ့အသက်လေး ကြေကျသွားတာကို
ငါ ပြန်ဆင်းကောက်ွေနတုန်း
မီတော့မယ်... မီတော့မယ်
လှမ်း... လှမ်း...
ဖတ်ခနဲ...
ငါ့လက် ရိုက်ချိုးခံလိုက်ရတယ်
အဲဒီချောင်းကမ်းပါးမှာ
ငါ့အသက်ကို နှမြောတသစွာနဲ့
ကျောက်ပတ်တီးစီးပစ်လိုက်ရတယ်...။

ရင်ကွဲနာကျတတ်မယ်ဆိုရင်ပေါ့
စားပွဲပေါ်က ဟောလစ်ပုလင်းနဲ့ ဘီစကစ်အချို့ထက်
သူတို့ဆီက လူနာလာမေးတဲ့မျက်နှာသေတွေမှာတောင်
ဟန်ဆောင်ပန်ဆောင်
မျက်ရည်တွေလိမ်းကျံမထားခဲ့ဘူး
မသေခင်မှာပဲ
အ၀တ်ဖြူဆွဲအုပ်ချင်တဲ့လူတွေ
ငါ့အခန်းထဲက ထွက်သွား...
ထွက်... သွား...

လူနာသေလို့ငိုတာ ငါတစ်ယောက်တည်း
အဲသလို... ငါသေလို့ငိုတာလည်း ငါတစ်ယောက်တည်း
ငါတစ်ယောက်တည်း... ပါပဲ...။


လင်းစက်နွယ်