Sunday, January 17, 2010

ခါးတဲ့ တမာ     
Written by လင်းစက်နွယ်  
Monday, 08 June 2009 03:45

ဝေါခနဲ ခန္ဓာဗေဒအခန်းကြီး ပွင့်သွားချိန်ဝယ် အပြင်ဘက်စင်္ကြံရှိအုံကြွနေသော ဒုတိယနှစ်ကျောင်းသားထုကြီး၏ အထိတ်တလန့်အော်သံက ပျံ့လွင့်လာသည်။

အပြင်ဘက်မှ ဆော်သွေးလိုက်သော နွေလေရူးကြောင့်လား မသိ။ ဆေးရည်စိမ်အလောင်းများ၏ ဖော်မလင်နံ့ကားထောင်းခနဲ ဝေ့၍ လာသည်။ ဆရာတွေကအခန်းထဲဝင်လာဖို့ ခေါ်သည်။

အို... သတ္တိကြောင်တာမှ မဟုတ်လေဘဲ။ဒါ ပထမဆုံးနေ့ဆိုတော့ ဒီလောက်တော့ရှိမပေါ့။ တချို့ကတော့ အပြင်ဘက်ဘေစင်တွေနား အန်နေကြပြန်သည်။
အနံ့ကလည်း ဘာဆိုးသလဲ မမေးနဲ့။ကြည့်ပါဦးလေ။ စင်ပေါ်တွင် အလောင်းကြီးဆန့်ဆန့်လဲနေပုံက အသည်းယားစရာ။ဘေးဘီဝန်းကျင်မှာလည်း ဆေးရည်စိမ်ထားတဲ့ဦးနှောက်တွေ၊ နှလုံးတွေ၊ ကျောက်ကပ်တွေ။ သည့်ထက်ပိုဆိုးတာက အ၀တ်မပါသောခန္ဓာကိုယ်ကြီးတွေပင်။

အင်းလေ...ရှက်စရာမှမလိုဘဲ။ သူတို့က သေနေပြီပဲဟာကို။ဒုတိယနှစ်၏ ပထမဆုံး Anatany practical ကတော့ နှစ်တိုင်းပင်ရာဇ၀င်တွင်လောက်ပါပေသည်။
တချို့ဆို နှာခေါင်းစည်းကြီးတွေ စည်းလို့ရယ်။အကုန်လုံးနီးပါး မျက်လုံးတွေက ဂနာမငြိမ်။ဟိုကြည့်သည်ကြည့်။ ကျွန်မသူငယ်ချင်း
သီရိကတော့ ကျွန်မလက်ကို တင်းတင်းဆုပ်ရင်းမျက်ကလဲဆန်ပြာ ဖြစ်နေသည်။ ဘယ်လိုပင်ကြောက်ကြောက် နောက်ဆုံးတော့ ကိုယ့်အုပ်စုကိုယ်ခွဲရင်း သက်ဆိုင်ရာ အလောင်းနားအုံ၍ ရောက်သွားသည်ပေါ့။ ထိုအခါမှ ပိုဆိုးတော့ သည်။

သီရိမျက်နှာ ချွေးစေးတွေပင် ပြန်နေ၏။

"လင်းစက်၊ နင်... နင် ဒီအလောင်းကို သေချာကြည့်စမ်း"

ဟုတ်ပါရဲ့။ သီရိပြောမှ သေချာကြည့်မိ တော့သည်။ သည်အလောင်းက ယောက်ျား၊ နှုတ်ခမ်းမွေးစစနှင့်။ အသက်တော့ကြီးမည့်ပုံပဲ။ နားသယ်နားက ဆံပင်တိုစတွေက ဖြူနေသည်။ ပြီးတော့ မေးစေ့မှ အငုတ်ကလေးလို ထွက်နေ သော မုတ်ဆိတ်မွေး ဖြူဖြူလေးတွေက အသည်း ယားချင်စရာ။ သီရိနှင့် ကျွန်မ လက်တို့၍ ရယ်လိုက်မိသံက တစ်တန်းလုံး တိတ်ဆိတ် နေသည်နှင့် တိုက်ဆိုင်၍ ပိုဆိုးသွားသည်။ ရှုတည်တည် ကြည့်လိုက်သော ဆရာမ ဒေါ်စန္ဒာမျိုး၏ မျက်လုံးများ အောက်ဝယ် ကျွန်မတို့နှစ်ယောက် မခုတ်တတ်သည့် ကြောင် ကလေးတွေလို ၀ပ်နေလိုက်ရသည်။

ထိုအချိန် ဘယ်သကောင့်သားမှန်း မသိ၊ ကျွန်မတို့ကို မျက်စောင်းထိုးလေသည်။ ပါးစပ်မှ လည်း ပွစိပွစိနှင့်။

"တော်တော်ရွတဲ့ဟာတွေ"

အမယ်မယ်... သည်သကောင့်သားက များ။ ဘယ်ယောက်ျားကမှ ရွတယ်ဟု အပြော မခံရဖူးသော ကျွန်မနှင့် သီရိ တော်တော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။ ကျွန်မသည် ဒေါသနှင့် မာနနှစ်ခုလုံးကို အရည်ကျိုခံလိုက် ရသောအခါ သည်းခံစိတ်ဟူသည် ခြေရင်းဝယ် နစ်ဝင်သွားရမြဲ။ သည်တော့လည်း မာနက ခေါင်း ပေါ်တက်ကာ တဆတ်ဆတ် တုန်ယင်နေရတော့ သည်။

သည်လူ့ကို တစ်ခါမှ မမြင်ဖူးပါဘူး။ ဟိုတစ်နေ့က သီရိ ပြောဖူး၍သာ သိရခြင်း ဖြစ်သည်။ ရန်ကုန်သားဆိုလား။ ရန်ကုန်သား သာဆိုသည် မိုက်လိုက်တဲ့ စတိုင်လ်ကလည်း အပျံစားပါ။ ဆေးကျောင်းနှင့် ပြဇာတ်မှားပဲ ရောက်လာလေရော့သလား။ ကြည့်ပါဦး။ နာမည်ကလည်း တင့်ဦးဝေေ၀တဲ့။ မျက်မှန်ပါဝါ ထူရုံမက ကိုင်းထူထူကြီးနှင့်ဆိုတော့ သာ၍ပင် အကြည့်ရ ဆိုးသေးတော့သည်။ ဆံပင်ကလည်း ထူလပျစ်ဆိုပေမယ့် ဆီတွေ ရွှဲနစ်အောင် လိမ်း ထားတော့သည်။ ကဲ... ဒါလား ရန်ကုန်သား။

ကျွန်မ သည့်ထက် ကြည့်မရသည်က သူ၏ ကချင်ပုဆိုးလိုလို ဘာလိုလို ကြောင်ကျားကျား အကွက်တွေ ဖော်ထားသည့် ပုဆိုးကြီးကို ဖြစ် သည်။ ရုပ်ရည်သနားကမားလေးနှင့် မလိုက် ဖက်စွာ ပါးစပ်မှလည်း ပွစိပွစိ ရွတ်နေတတ် သေးတော့သည်။
ကဲ... သည်တော့လည်း ကျွန်မ၏ နေ့စဉ် မှတ်တမ်း စာအုပ်ကလေးထဲတွင် ထိုရန်ကုန်သား လူထူးလူဆန်းလေးကို နေရာပေးရတော့မပေါ့။

၂။
ဘယ်လိုမှန်းတော့ မသိပေ။ ထိုပုံတုံးတုံး ရန်ကုန်သားလေးကိုမှ ကျွန်မ တစ်နေ့ မကြည့်ရ လျှင် မနေနိုင်အောင် ဖြစ်နေခဲ့သည်။ ခန္ဓာဗေဒ အခန်းထဲမှာဆိုလည်း ခွဲစိတ်ဓားတစ်ချောင်းကိုင် ၍ဆရာကြီးပုံအပြည့် ဖမ်းပြတတ်သေးသည်။ Physiology အချိန်ဆို သူက အဆိုးဆုံး။ Centrifage တွေ Untra-Centrifage တွေကြားထဲ လိပ်ပတ်လည်အောင် ရှင်းပြနေသော ဆရာ၏ စကားကို မျက်လုံးလေး ကလယ်ကလယ်နှင့် စိတ်ဝင်စားပြတတ်သေးသည်။

အဆိုးဆုံးကတော့Biochemistry (ဇီဝဓာတု) လက်တွေ့ချိန်ပင် ဖြစ်၏။ အကောင် အထည်ဖော်၍မရပါသောDNA,RNA တွေက ရှေ့ကဆရာက ရှင်းပြတိုင်း သူက နောက်မှနေ၍ "သြော်" လိုက်နေ၏။ Enzyme နှင့် lock & key Function အကြောင်းရှင်းပြချိန် သူတစ်ယောက် နားလည်သလို တသြော်သြော်နှင့်။ သည်တော့မှ ကျွန်မလည်း သူ့ကို နောက်ချင်စိတ်ဝင်လာမိ သည်။

"ကိုကိုသြော်" ဟူ၍။

ဘယ်လိုဖြစ်တယ် မသိပါဘူး။ ထိုနေ့က ပြဿဒါးနေ့ပါ။ BC ခန်းကအထွက် သူနဲ့ ကျွန်မ ၀င်တိုက်မိလေရဲ့။ အမယ်မယ် ကိုကိုသြော်က စလည်းတိုက်သေး၊ှSony လည်း မလုပ်သေးဆို တော့ ကျွန်မဒေါသတွေ သည်တစ်ကြိမ် အုန်းအုန်း ကျွက်ကျွက် ဆူချေပြီ။

"သည်မှာကိုအ၀ှာ၊ ရှင် ကျွန်မကို ၀င်တိုက် သွားတာအခုချက်ချင်း တောင်းပန်ပါ"
သည်အခါမှ ပိုဆိုးတော့သည်။ တစ်လော ကလုံး သူ့လုပ်စာ ထိုင်စားနေသည့်ပုံနှင့် ခါးနှစ် ဖက်ထောက်ကာ ကျွန်မကို မျက်မှန်အောက်မှ စူးစိုက်၍ ကြည့်သည်။

"ခင်ဗျားစကားကြည့်ပြောဗျ၊ ကျုပ်ကို မထိပါးနဲ့"

ဘုရားရေ၊ သည်လူစိတ်ကြီးပုံကလည်း တစ်မျိုးပါလား။ ခင်ဗျားတွေ၊ ကျုပ်တွေနဲ့ပင် ကိုင်ပေါက်နေချေပြီ။ သူ၏ ပါးစပ်မှလည်း စက် သေနတ်ပစ်သလို မကျေနပ်သံတွေသာ တွင်တွင် ပစ်ခတ်နေတော့သည်။ ဘယ်လိုပင် မာနကြီးကြီး သူနှင့်တော့ မာနကို ဆယ်ပြန်လျှော့ရသည်။ မလျှော့၍လည်းမရ။ မလျှော့လျှင် လူတစ်ကိုယ် လုံးကိုပင် ၀ရန်တာပေါ်မှ ကိုင်ပေါက်လိုက်မှဖြင့်။ ကျွန်မလည်း အရှုံးမပေးချင်သော ကလေးဆိုး ဥာဉ်ကလေးဖြင့်...

"အမိန့်တော်မြတ်အတိုင်းပါ ကိုဒူဝေေ၀ကြီး ရှင့်"

ဟု အော်ကာ တစ်ချိုးတည်း လစ်ပြေးခဲ့ လေတော့၏။ ကြောင်အမ်းအမ်းမျက်နှာပေးနှင့် ကျန်ခဲ့သော သူ့ကို သဘောကျမဆုံးပင် ရှိခဲ့ သေးသည်။

၃။
"လူအကြောင်းပေါင်းကြည့်မှသိ" ဆိုသလို တကယ်တမ်းပေါင်းကြည့်တော့မှ"ကိုကိုသြော်" စိတ်ရင်းကို သိရတော့သည်။"ကိုကိုသြော်" က ဒေါသကြီးသော်လည်း စာအလွန်တော်သည်။ နောက်တစ်ခု သည်းခံလွယ်သည်။

သို့သော် မဟုတ်လျှင် မခံတတ်။
သူနှင့် ကျွန်မ ရန်ဖြစ်သော ထိုနေ့လွန်၍ ၃ ရက်မြောက်တွင်ပင် သူနှင့် ခင်မင်ရင်းနှီးခွင့်ရခဲ့ သည်။ ခန္ဒာဗေဒအချိန် ဖြစ်သည်။ ထုံးစံအတိုင်း အလောင်းနံဘေးတွင် ခွဲစိတ်ဓားကိုင်ကာ "ကိုသြော်" ကြီး စာရှင်းပြချိန် ဖြစ်၏။ ဘေးနားမှ သီရိနှင့် မွန်မွန်ကတော့ သူရှင်းပြသည်ကို ဟုတ် သော်ရှိ၊ မဟုတ်သော်ရှိ အထင်တွေကြီးပြီး ခေါင်းလေးတွေ ညိတ်လို့ လိုက်နားထောင်လေ့ သည်။

ဤယနေ့တော့ ရာသီဥတုကြည်လင်သည်။ ကိုဒူဝေေ၀ကြီး ဟုခေါ်သော ကိုကိုသြော်က မုန့် လိုက်ကျွေးမည်ဆိုပဲ။ သည်လိုနှင့်ပင် ကျွန်မ ထိုင် လေ့မရှိသော ဆေးကျောင်းကန်တင်းလေးတွင် သူလို လူ့ခွစာကြီးနှင့် သိကျွမ်းခင်မင်ခဲ့ရသည် ဆိုပါစို့။ သူ၏ အပြောအဆိုများသည် နူးညံ့သိမ် မွေ့တတ်ပြီး လူတကာကို အပျော့ဆွဲဆွဲနိုင်သည် လေ။ ဒေါသကြီးတဲ့အချိန်ကလွဲရင်ပေါ့။ ပြီးတော့ ကျွန်မ အမက်မောဆုံးက သူ၏ မျက်လုံးများ။ အချိန်ပြည့် မျက်နှာကြီး ရှစ်ခေါက်ချိုးနှင့် လူ့ခွစာကြီး၏ မျက်မှန်ထူထူအောက်က မျက်လုံးတွေသည် သြဇာလွှမ်းလွန်းလှတော့သည်။

သူနှင့် ကျွန်မ တစ်ချက်တစ်ချက် အကြည့် ဆုံလိုက်တိုင်း ကျွန်မရင်တွေ အေးခဲ၍သွားသည်။ စားပွဲပေါ်မှ Ice Coffee ကလေးလို တုန်ယင် အေးစက်နေတော့သည်။ ကျွန်မနားမလည်သော ခေါင်းစဉ်မရှိသည့် ရင်ခုန်သံကို သူနှင့်ကျမှပင် ထိရှခံစားရတော့သည်။ အမြဲလိုလို ကျွန်မကို အလျှော့ပေးတတ်သော ပုရိသများကို ချော်၍ ကလေးဆိုးကြီးလို အနိုင်ယူတတ်သော လူ့ခွစာကြီးကိုမှ အထင်ကြီးရသတဲ့လား။
ပြီးတော့ သူနှင့် မတွေ့ဆုံရသည့် စနေ၊ တနင်္ဂနွေ အားလပ်ရပ် ကလေးတွေဆို သူ့ကို လွမ်းတတ်လာခဲ့သည်။

Anatomy လက်တွေ့ ဆင်းတိုင်း သူနှင့် အနီးကပ် နေလာခွင့်ရသောအခါမှ ရင်ခုန်သံက အတိုင်းအဆ မရှိ ပေါက်ကွဲပြင်းထန်လွန်းခဲ့သည်။ သူကလည်း ကျွန်မကို ခိုးခိုး ကြည့်သည်ပဲ။ အို မဟုတ်ပါဘူးလေ။ ဒါလည်း ကျွန်မကိုယ်ကျွန်မ စိတ်ကြီးဝင်တာပဲ ဖြစ်မှာပါ။
သူနှင့် စတင်ခင်မင်ချိန်မှစ၍ ကျွန်မဘ၀ တစ်ဆစ်ချိုးပြောင်းလဲခဲ့ရ သည်ဆိုလျှင် မှားမည်မထင်။ ပထမနှစ်တုန်းက မိန်းကလေးတန်မယ့် ကျောင်းခေါ်ချိန်မပြည့်၍ ပါမောက္ခချုပ်၏ သြ၀ါဒခံယူပွဲကိုပင် တက်ရောက် လိုက်ရသော ကျွန်မ။ သူနှင့်တွေ့တော့မှ အတန်းတွေမှန်မှန် တက်ဖြစ် လာသည်။

အမြဲလိုလို ဆန့်ကျင်ဘက်တွေ ဖြစ်နေတတ်သော သူနှင့် ကျွန်မ ကြားမှာ ဘာကြိုးတွေ ချည်နှောင်မှာလဲ။ ပူလောင်တဲ့ကြိုးလား၊ မပူ လောင်တဲ့ကြိုးလား၊ ချိုမြိန်တဲ့ကြိုးလား၊ ခါးသက်တဲ့ကြိုးလား။ လောလော ဆယ်မှာတော့ သူနှင့်ကျွန်မကြားကကြိုးက အဖြူရောင်သက်သက်ရယ်ပါ။
စည်းမျဉ်းစည်းကမ်း ဖောက်တယ်ဆိုရမလားပဲ။

သည်ကြိုးကိုမှ ကျွန်မ အရောင်ဆိုးမိလိုက်သေးတယ်။ အုံ့ပုန်းစိတ်နဲ့ပေါ့။ အာဒံနဲ့ ဧ၀လက်ထက်က တည်းက ယောက်ျားပုရိသများ ဖွင့်ပြောမှသာလျှင် နှလုံးသားရေးကို ဆုံးဖြတ် ပိုင်ခွင့်ရှိတာကြောင့် နှုတ်ခမ်းတွေက ရေငုံနှုတ်ပိတ်။
သည်လိုနှင့်ပဲပေါ့။ ဒုတိယနှစ်ရဲ့ အမြဲလိုလို စာမေးပွဲတွေ တစ်ခုပြီး တစ်ခုကို ဖြေရင်း နာရီလက်တံတွေ၊ အဆက်မပြတ် ညည်းတွားသံတွေ ကျော်လွှားပြီးချိန် ကျွန်မရဲ့ နေ့စဉ်မှတ်တမ်းလေးမှာ သူ့အကြောင်း စာမျက်နှာတွေ များလာခဲ့ပါရဲ့။

၎။
"အချစ်ဆိုသည်မှာ ချိုမြိန်သော သစ်တော်သီးတစ်လုံး" ဟုဆိုလိုက်ချိန် တွင် သီရိနှင့် မွန်မွန် ထိုင်ရာမှပင်ထကာ ဟားကြလေတော့သည်။

"ဟုတ်ပါဘူးဗျာ။ ကျွန်တော် သိထားသလောက်က အချစ်ဆိုတာ မူးယစ်စေတဲ့ Alcohol ပါဗျာ"

လာပြန်ပြီ သည်စကား။ သူတို့ယောက်ျားတွေဟာလေ အရာရာကို ဟိုအရည်နှင့် တိုင်းတာလေသလား မသိ။
"ကိုယ် တိတ်တခိုး ချစ်နေရသူကို ဖွင့်မပြောရဲတာလောက် သတ္တိ ကြောင်တာ မရှိဘူးတဲ့။ အုံ့ပုန်းအချစ်ဟာ မသောက်ဘဲနဲ့ မူးတဲ့ ၀ိုင်လိုပါပဲဗျာ"

သောက်လက်စ Cold coffee ကို အယောင်ယောင်အမှားမှား ချလိုက် မိသည်။ ကျွန်မကို စောင်းပြောလေသလားဟူသော မျှော်လင့်ချက်အရိပ်အယောင်ကလေးနဲ့ သူ့ကို မော်ကြည့်မိစဉ် ဟင် သူ မျက်ရည်တွေဝဲလို့ရယ်။
ထိုနေ့က အမှတ်တရနေ့လေးပါ။ ကိုဒူဝေ တစ်ယောက် ချိုင့်ကို ဖွင့်လို့ ထမင်းစားမယ် အလုပ်မှာ

"အမယ်လေးဗျာ ဟီး"

သည်အကွက်တွေ ကြိုတင်ချထားသော ကျွန်မက ဟန်မပျက်ဘဲနေပါသည်။ မွန်မွန်နှင့် သီရိကတော့ ဘုမသိဘမသိ ဖြစ်သွား၏။ ပြီးတော့ သူတို့လည်း ထအော်သည်။ ၀မ်းတွင်းပါ ဗီဇဆိုးလေးကိုက အစအနောက်သန်သောကြောင့် ယနေ့ ကိုဒူဝေေ၀ စားမည့် ထမင်းချိုင့်မှ ထမင်းတွေကို သွန်၍ မနက် partical ဆင်းတုန်းက ခိုးလှီးထားသော အလောင်းကောင် ၏ အသားစများကို ထည့်ထားခြင်း ဖြစ်သည်။

"ဟဲ့ ဟဲ့ နင်တို့ကလည်း ဘာဖြစ်လို့လဲဟာ"

ခပ်တည်တည် မျက်နှာပေးဖြင့် ကျွန်မက ၀င်ရောလိုက်သည်

"သြော် ဒါများ အမယ်လေး၊ ဆေး ကျောင်းသူတွေ လုပ်ပြီး သတ္တိကြောင်လို့ Anatomy နားနေခန်းက ဆရာတွေဆို ဘယ့်နှယ် လုပ်ကြမလဲ။ အဲဒီအခန်းနားမှာပဲ ၀င်လေ ထွက်လေ ရှုမှတ်ပြီး ထမင်းစားနေရတာ။ နင်တို့ ကိုက သည်းမှသည်း"

ဘာရယ်တော့ မဟုတ်။ သီရိနှင့် မွန်မွန် ပါးစပ်ကလေးများ ဟသွား၏။ အံ့သြသည့် အဓိပ္ပာယ်ပေါ့လေ။ ကိုယ့်ကိုယ်ကိုယ်တော့ တကယ့် သူရဲကောင်း ဆေးကျောင်းသူကြီး စတိုင်လ်အပြည့်။ ကိုသြော်ကြီး၏ မျက်နှာကို လှမ်းကြည့် လိုက်စဉ် ကျွန်မရင်မှ ပန်းလေးများ တဖြုတ်ဖြုတ် ကြွေသွားရတော့သည်။

"ဒုန်း"ခနဲ လက်သီးထုသံနှင့်အတူ ကန်တင်း တစ်ခုလုံး၏ အကြည့်ကို ကျော်လွှား၍ စားပွဲကို ထုချလိုက်လေသည်။ တဒင်္ဂ တိတ်ဆိတ်သွား သည့် ကန်တင်းလေးဝယ် ကိုဒူဝေ၏မျက်နှာ ကား ပြိုတော့မည့် မိုးလို။ သူ့နှုတ်ခမ်းဖျားလေး များ တဆတ်ဆတ် တုန်ယင်နေသည့်ကြားမှ မထီမဲ့မြင် ပြုံးပြလိုက်သေးသည်။

"နင် နင် သူများစားမယ့် ထမင်းလုတ် ပြုတ်ကျအောင်လုပ်တဲ့အတွက် နင်စားမယ့် ထမင်းလုတ်ကြီး သူများပါးစပ်ထဲ ရောက်သွား ပါစေဗျား"

မှတ်ကရော။ ထိုအခါမှ ကန်တင်းတစ်ခုလုံး ၀ါးခနဲ ပွဲကျသွားတော့သည်။ မွန်မွန်နှင့် သီရိရော ရယ်ရယ်မောမောပါ။ သူကတော့ ကန်တင်းမှ ထွက်သွားလေရဲ့။ သူတကယ် စိတ်ဆိုးသွားပါ လား။ ဘယ်သူမှ အလေးမထားပေမယ့် ကျွန်မ သိနေသည်လေ။ သူ့မျက်လုံးတွေ ဘယ်နှခါ ညို ဖူးလို့လဲ။ မျက်မှန်ထူအောက်က သူ့မျက်လုံးတွေ က အမြဲတမ်း ကြည်လင်နေခဲ့တာပါ။

ကျွန်မ လက်ချက်မှန်း သူသိသွားသည့် သဘောပါ။ အခိုက်အတန့် ခဏလေးဆိုပေမယ့် ရင်ထဲမှာ တဆစ်ဆစ်နာကျင်လောက်အောင်အထိ သူ့စကားတွေက အရှိန်မသေခဲ့ဘူးလေ။ အော်ရက်လိုက်တာ ရှင်ရယ်။ သည်အလောင်း အသားစတွေ ထည့်ထားတာနဲ့များ ဘာလို့ ဒီလောက်အော်ရက်တာလဲ။ ရှင် ထမင်းမစားရမှာ ကြိုသိလို့ သည်က လိုက်ကျွေးဖို့ ပြင်ထားပြီး သားပါ။

သည်စကားတွေသာ မပြောဖြစ်ဘဲ လည်မျို မှာ ထစ်နေခဲ့တာပါ။ အသက်ရှူသံတွေ အယောင်ယောင်အမှားမှားနဲ့ သက်ပြင်းတွေသာ အကြိမ်ကြိမ် နေရာယူရင်း ကျွန်မရင်မှာ တစ်စုံ တစ်ခု လစ်လပ်သွားသလို။
သူတိုက်လိုက်တဲ့ ကျိန်စာကသာ ဘယ်တော့ မှ အငွေ့မပြယ်မယ့် မီးခိုးလို ကျွန်မ ရင်ဝယ် နေရာလပ်မရှိ မွှေနှောက်လိုက်လေသည်။

၅။
2nd test ဖြေရန် ၅ ရက်သာ လိုတော့သည် တဲ့။ Anatomy အားသန်သော ကျွန်မအဖို့ Anatomy စကိုင်ရသည်။ စာကြည့်စားပွဲရှေ့ ကပ်ထားသော Notice စာတမ်းလေးက စာကျက်ပျင်းသော ကျွန်မကို ကလူ၏သို့မြှူ၏ သို့။ ဒုတိယနှစ်၏ ဘာသာသုံးရပ်ကား နည်း နည်းမှ မသက်သာ။ စာအုပ်ကို လက်မှချမည်ပြင် သည်နှင့် Supple လား၊ Roundလား၊ Mp လား ကြိုက်ရာ ရွေးလုပ်ရတော့သည်။
ကျွန်မ အိမ်တွင် မွန်မွန်၊ သီရိနှင့် ကိုဒူဝေကြီးတို့ စာလာဖတ်ကြပြီ ဖြစ်၏။ ထုံးစံ အတိုင်းပေါ့ အာဂမလေးတွေ အဘယ်မှာ စာရ လိမ့် မတုံး။ ကိုဒူဝေမှပဲ ရှင်းပြနိုင်တော့သည် တမုံ့။

နာရီလက်တံတွေက တဆိတ် လွန်လွန်း သည် ထင်သည်။ အစောက ၉ နာရီ၊ အခု ၁၂ နာရီ။ ည ၂ နာရီခွဲအထိ ကျက်ဖို့ တိုင်ပင်ထားကြ သည်။ မေမေက အိပ်ချင်ပြေအောင် ဆိုပြီး လက်ဖက်ရှူးရှဲကို ပုစွန်ခြောက်နိုင်းချင်းနှင့် သုပ်လာပေးခဲ့သည်။ ဟိုတစ်နေ့ကတော့ သံပရာ ရည် ချဉ်ချဉ်လေး။ မေမေ့ လက်ဖက် ဘယ် လောက် စွမ်းစွမ်း၊ ကမ္ဘာပေါ်၌ အလေးဆုံးသော အရာ မျက်ခွံဆိုတာကြီးကို ရေရှည်ထမ်းထား နိုင်မည် မဟုတ်။ သည်တော့လည်း ကိုယ့်နည်း ကိုယ့်ဟန် နောက်တစ်မျိုး ထွက်ပေါက်ရှာရ သည်ပေါ့။

မွန်မွန်က မအိပ်ချင်အောင် ဟု ဆိုကာ လမ်းလျှောက် ကျက်သည်။ စာတစ်ပိုဒ်တည်းကို ပင် သူမမှာ အခေါက်ခေါက်အခါခါ ဖတ်နေရ သည်။ သီရိရော ဘာထူးလဲ။ သူလည်း အိပ်ချင် တာကို ဇွတ်အတင်း ခုခံထား၍ မျက်လုံးကြီး များ အဆမတန် ပြူးပြူးထွက်လာသည်။ အဲ ကိုဒူဝေကြီးကရော ဘာစတန့် ထွင်ပြန်ပြီလဲ မသိ။အုန်းသီးကို ခေါင်းခု၍ စာကျက်လေပြီတည်း။ လေးယောက်သား ကျက်နေသည်က Neuroanatomy စာမဖတ်ခင်က အကောင်းပါ၊ ဖတ်ပြီးမှ တကယ့်ကို Nerve တွေ ထုံထိုင်းချင် လာသည်။

ကိုယ့်ရုပ်ကိုပင် မှန်ထဲ ပြန်မကြည့်ဝံ့ လောက်အောင် မျက်တွင်းတွေက ဟောက်ပက်။ ခံပေါ့။ ခုမှ ၀ရုန်းသုန်းကား ထဖတ်တဲ့ ကျွန်မ။ ကိုယ့်ကိုယ်ကိုယ် အပြစ်ဖို့ရင်း မျက်လုံးများက မှေးစင်းလာလိုက်၊ နံရံပေါ်မှာ ကိုဒူဝေ၏ "တကယ်လုပ်လျှင် အဟုတ်ဖြစ်မည်" စာတန်းက ပေါ်လာလိုက်။

သီရိနှင့် မွန်မွန်တို့၏ ခြေသံများက နီးတစ်ခါ၊ ဝေးတစ်လှည့်။ ကိုဒူဝေကြီး ခေါင်းအုံး အိပ်သော အုန်းသီးက ကြီးလာလိုက်၊ သေးသွား လိုက်နှင့် အိပ်မောကျလုဆဲဆဲ

"ဒုန်း"
မြေငလျင်လှုပ်သည်မှတ်၍ အလန့်တကြား ကြည့်မိလိုက်သည့် ကျွန်မ အလွဲကြီး လွဲရတော့ သည်။ အားပါး ကိုဒူဝေကြီး အုန်းသီးပေါ်မှာ အိပ်ငိုက်မိ၍ ခေါင်းနှင့် ကြမ်းပြင် မိတ်ဖွဲ့မိခြင်း ပင်။
ထိုအခါမှ ရှက်ကိုးရှက်ကန်းနှင့် စာအုပ်ကို ကောက်ကိုင်လိုက်ရာ ပြောင်းပြန်ဖြစ်နေသည့် အပြင် ပါးစပ်မှ ဆိုလိုက်သည်ကလည်း
"ဣတိပိ သော၊ ဣတိပိသော"
တဲ့လေ။

ထိုနေ့ည ဘယ်လို အိပ်အိပ် အိပ်၍ပင် မပျော် တော့ပါချေ။

၆။
ထိုနေ့က မှတ်မှတ်ရရ ဗုဒ္ဓဟူး။
Anatomy စဖြေသောနေ့။ အပြင်ဘက်တွင် အုံ့ဆိုင်းနေသော မိုးတိမ်များက နေရာယူထားသည်။ ကျွန်မရှေ့ဝယ် အဆင်သင့်ရှိနေသော မေးခွန်းလွှာကို ကောက်ကိုင်းရင်း မျက်မှောင်ကြုတ်သထက် ကြုတ် သွားရတော့သည်။ သွားပြီ။ ညက စာကြည့်ထားသည့် ဒဏ်က စာမေးပွဲမှ လာထိလေပြီ။ ခေါင်းတွေတဆစ်ဆစ် နာကျင်နေရသည့်အထဲ အခန်း စောင့်တာဝန်ကျဆရာ ဒေါ်စန္ဒာမျိုး၏ အကြည့်တွေကြောင့် ကြောက် အားလန့်အား ရှိစုမဲ့စုစာတွေ ကြက်ပျောက်၊ ငှက်ပျောက် ပျောက်သွားသလို။

သီရိနှင့် မွန်ကတော့ အေးဆေးပါဘဲ။ ကိုဒူဝေကြီးကတော့ ကုန်းဖြေ နေပုံထောက်ရင် ဂုဏ်ထူးမှန်းလားပဲ။ ကျွန်မမှာဖြင့် အောင်မှတ်လေး ၁ မှတ်စီကို ခရုကောက်သလို တစ်ခုချင်းစီပင် ပင်ပန်းပန်းကောက်ရသည့်နှယ်။ ကိုယ့်ကိုယ်ကိုယ် အောင်ပြီဟု ကျိန်းသေတွက်ပြီးလောက်ချိန် ကျွန်မ ခံနိုင်ရည် မရှိတော့၍ စားပွဲပေါ်တွင် ခေါင်းချ၍ပင် အိပ်ပျော်သွားခဲ့ပါသည်။

မည်မျှကြာသွားသည် မသိ။ ရုတ်ရုတ်သဲသဲ အသံများကြားမှ အဖြေလွှာ အပ်ချိန်ရောက်မှန်း သိလိုက်ရသည်။ ထိုအခါမှ ပျာပျာသလဲနှင့် တစ်ပုဒ်ပြီး တစ်ပုဒ် မျဉ်းတွေ လိုက်ပိတ်ပါသော်လည်း ဆရာမအနားသို့ ရောက်လာ၍ အဖြေလွှာ အပ်လိုက်ရတော့သည်။
စာမေးပွဲခန်း အပြင်ရောက်တော့ ကိုဒူဝေ ကျွန်မကို ငေါက်၏။ သည်ကလည်း တတ်မှ မတတ်နိုင်တော့ဘဲ။ အဲသလိုမှ မအိပ်လိုက်ရရင် နောက်နေ့ ဘာသာတွေထိတော့မပေါ့။ သူစေတနာရှိတာကို အသေချာကြီး သိနေပါသည်။ သို့သော် ကျွန်မဘက်မှ ဝေဒနာခံစားမှုကို နည်းနည်းမှ မငဲ့ ကွက်ဘဲ တစ်ဆူတည်း ဆူနေတော့သည်။

ပြက္ခဒိန်ကနေ့ရက်များသည် ရက်ရာဇာများသာ ဖြစ်ပါသည်။
ကျွန်မ နှလုံးအိမ်မှ ပြက္ခဒိန် စုတ်ချာချာလေးကတော့ နေ့စဉ် ပြဿဒါး မုန်တိုင်းဒဏ် မိနေရှာတော့သည်လေ။

၇။
ထိုနေ့က ကမ္ဘာ့မိုးခြိမ်းသံကြီးအဆက်မပြတ် မြည်ဟည်းတဲ့နေ့။ တစ်နည်းဆိုသော် Physiology ဖြေတဲ့ Test 2 အပြီးနေ့။ ပျော်တဲ့သူနဲ့၊ ရယ်မောတဲ့ သူနဲ့၊ ငိုတဲ့သူနဲ့ စသဖြင့် အမျိုးမျိုးအဖုံဖုံထွက်လာ သူတွေထဲက ကျွန်မကို သူစောင့်နေခဲ့သည်လေ။ အပြင်ဘက်မှာ စောင့်နေတဲ့ သူ့မျက်လုံး တွေက စူးရှလွန်းနေသည်။

"လင်းစက် နင်ဖြေနိုင်ရဲ့လား"

သူဘာ့ကြောင့် ရွှင်မြူးနေရသနည်း။ သူ့အမေးကို အလိုက်အထိုက်တော့ ခေါင်းညိတ်ပြလိုက်မိသည်။ ဘယ်နေရာ၌ မုန်တိုင်းရှိလေသည် မသိ။ ယနေ့ မိုးဖွဲဖွဲလေး ရွာနေသည်။ သူရော၊ ကျွန်မရော မတိုင်ပင်ထားပေမယ့် ခြေလှမ်းများက ဆေးကျောင်းအနောက်ဘက်ရှိ တမာပင်တန်းများ ဆီသို့။ သိပ်မထူးဆန်းပါ။

အရင်နေ့တွေကလိုပဲ ကချင်ပုဆိုးကြားကြီးနှင့်ပါ။ ထူးဆန်းတာက သူ့ ခြေလှမ်းတွေ အရမ်းသွက်နေခဲ့သည်။ကျွန်မတို့ နှစ်ယောက်လုံး မိုးစိုခံပြီး လျှောက်သည်။ သို့သော် တစ်စထက် တစ်စ မိုးကား သည်းလာသည်။ မြေသင်းရနံ့ကို အဆုတ်ထဲ ၀အောင် ရှူရှိုက်လိုက်သည်။ မရောက်တာကြာပြီဖြစ်တဲ့လမ်းက ရေညှိတွေ တောင်တက်နေပြီ။ စိမ်းဖန့်ဖန့် တမာရွက်အချို့က မြေသင်းရနံ့နှင့်အပြိုင် သင်းနေလေသည်။

ရံဖန်ရံခါ လျှပ်စီးတွေပင် လက်တတ်သေး၏။ သူ ပြောမည်ဆိုသော စကားကို ရင်တမမနှင့် နားစွင့်ခဲ့ရသည်။ ကျွန်မ၏ နှလုံးခုန်သံ မူမမှန်မှု တွေကို မိုးရေကြားထဲ မသိမသာ မျှောချထား လိုက်သည်။

"လင်းစက် ငါ နင့် နင့်ကို ပြောစရာ ရှိတယ်။ ဟိုလေ နင် စိတ်မဆိုးဘူးလို့ ငါ့ကို ကတိပေးနော်"

ကျွန်မနှင့်သူ အနီးကပ်ဆုံး ရှိနေကြသည်။ ကျွန်မ ခေါင်းငုံ့ထားပါသည်။ ရင်တွင်း၌ အပျော် တွေ ပုတီးလိုသီလို့။ သူ၏ လမ်းခင်းစကားကို ကျွန်မ ကျေကျေနပ်နပ်ကြီး နားစွင့်နေလို့ လေ အဝှေ့မှာ သင်းပျံ့ပျံ့ တမာရနံ့နှင့်အတူ ရင်ခုန်သံ တွေ ရပ်တန့်သွားတော့မတတ် အေးခဲနေ၏။

"ဟို ဟိုလေ ငါ ငါ သီရိကို သိပ် သိပ်ချစ် နေမိပြီဟာ"

"ဘာ"

ကျွန်မနှလုံးခုန်သံ ရုတ်ခြည်းဆောင့်ရပ်သွား ရသလို....။ ဘေးနားရှိ တမာပင်တို့သည် ကျွန်မမျက်လုံးအတွင်းဝယ် တစ်ပင်ပြီးတစ်ပင် သာ ပြိုလဲလို့။
မိုးနှင့်မြေပါ တက်တက်စင်အောင် လွဲသော အဖြေတစ်ခုအတွက် ကျွန်မ နှုတ်ဖျားလေးများ တဆတ်ဆတ်တုန်ယင်နေသည့်ကြားမှ အတတ် နိုင်ဆုံး ဟန်ဆောင် ပြုံးနိုင်ခဲ့ပါသည်။

"အေးဟ သီရိကို အစကတည်းက ကြိုက်မိ တာ။ ဒါကြောင့်လည်း နင်တို့နဲ့ တွဲခဲ့တာပေါ့"

ရှင်ရယ်။ ရှင့်ရဲ့ ရင်ဖွင့်သံတွေက လျှောက် လဲချက်တွေ ပေးနေသလိုပါပဲ။ အားနာတတ်မယ် ဆိုရင်လေ ရှင်ထပ်ထပ်မပြောပါနဲ့တော့ရှင်။ ကျွန်မ ရင်ဝယ် မပြောဖြစ်သော စကားများသာ အစီအရီ။ သူ ကျွန်မကို မျှော်လင့်ချက် ပေးခဲ့ တာလား။ ကျွန်မကပဲ အရဲကိုးပြီး မျှော်မိနေရတာ လား။ ဘာတတ်နိုင်မှာလဲ။
ကောင်းကင်ကြီးက မှိုင်းညို့နေသလို ကျွန်မ မျက်လုံးများ နီစွေးလာရသည်။

"အေး အေးပါဟ ကိုသြော်ကြီးရ။ ငါ ငါ အောင်သွယ်ပေးမှာပေါ့ဟ။ နင်နဲ့ ငါက အချစ်ဆုံး သူငယ် သူငယ်ချင်းတွေပဲ မဟုတ်လား"

အတန်ငယ် သတိထားနေသည့်ကြားမှ ကျွန်မစကားတွေ အဖျားခတ် တုန်ယင်လို့သွား သည်။

"ကျေးဇူးပဲ လင်းစက်ရာ"

ကျေးဇူးတဲ့လား ရှင်ရယ်။ တကယ်ဆို ဝေဿန္တရာလုပ်ရတော့မှာပါလား။ ကျေးဇူးဆိုတဲ့ စကားအစား အရင်ကလို"နင့်ကို ငါ ကြည့်မရ ဘူး"လို့ ပြောလိုက်ပါတော့လားဟာ။ ငါဟာ နင့် လို နေမင်းကိုရံတဲ့ ကမ္ဘာလို အရန်လူသက်သက် ပါဟာ။ နင့်အလင်းရောင်ကို နေ့တစ်ဝက်ရပြီး၊ ညတစ်ဝက် မရခဲ့သူပါဟာ။

မိုးတွေ သည်းသထက် သည်းလာသလို ကျွန်မမျက်ရည်တွေ ပါးပြင်ထက်မှာ ဒလိမ့် ကောက်ကွေး နေရာယူလို့။ သူ မမြင်အောင် ကျောခိုင်းပြီး တမာပင်တန်းဘက်ကို ဖြတ် လျှောက်ရင်းနှင့်ပေါ့။ သူ၏ တစ်ချိန်က ကျိန်စာ။

"သူများစားမယ့် ထမင်းလုတ်ကြီး ပြုတ် ကျအောင်လုပ်တဲ့အတွက် နင် စားမယ့် ထမင်း လုတ်ကြီး သူများပါးစပ်ထဲ ရောက်ပါစေဗျား"
ကျွန်မ တိတ်တခိုး ရင်ခုန်နေရသည့် သူ သည်လည်း တစ်ပါးသူအပါး သက်ဆင်းသွား ရပါလား။

"အချစ်ဆိုတာ အရမ်းချိုတဲ့ သစ်တော်သီး ပေါ့"

"ဟာ မဟုတ်တာ။ အချစ်ဆိုတာ မူးယစ် စေတဲ့ Alcohol ပါဗျ"

ဒဿနစုလေးများကား နားထဲသို့ တရစပ် ထိုးဝင်လာသည်။ စိမ်းဖန့်ဖန့် တမာပင်တို့၏ ရနံ့ကို ချမ်းအေးသည့် မိုးရေနှင့်အတူ အဆုတ်ထဲ ရှိုက်၍ရှိုက်၍ သွင်းပစ်လိုက်သည်။

"တကယ်တော့ ကျွန်မအတွက် အချစ်ဆိုတာ မွှေးလျက်နဲ့ ခါးတဲ့တမာ" အဝေးရှိ ဆင်ဝင် အောက်တွင် ကျောင်းသားတချို့ မိုးခိုနေကြဆဲ။ လေအဝှေ့ဝယ် တစ်ချက်တစ်ချက်ပါလာသော မြေသင်းရနံ့လေးကား သင်းပျံ့ဆဲ။
ထို့အတူ ကမ္ဘာတည်သရွေ့ သင်းသင်းလေး မွှေးတတ်သော တမာတို့သည်လည်း ခါးမြဲ ခါးဆဲ။

လင်းစက်နွယ်
ခုတင်ဘေးက သင်ခန်းစာ     
Written by လင်းစက်နွယ်  
Thursday, 30 July 2009 05:59

၁။
နောက်ကျနေမြဲ နောက်ကျနေ တတ်သော ခင်သန့်စင်သည် တစ်ခါလည်း ပိုးသတ် ဆေးနံ့တွေ၊ လူနာနံ့တွေ ရောပြွမ်းနေသည့် ကော်ရစ်ဒါ တစ်လျှောက် ခပ်သုတ်သုတ်လေး ပြေးလာနေသည်။

ပန်းနုရောင် ဒေါက်ဖိနပ်ကလေး၏ တဒေါက်ဒေါက် အသံမြည်ရာ နောက်ကို လူနာစောင့် တချို့က ငေးကြည့်နေလို့။ မ၀တ်ရသေးတဲ့ Duty Coat ကို ကိုယ်ပေါ် လွှားခနဲ တင်လိုက်ရင်း မန္တလေးဆေးရုံကြီး၏ ခွဲစိတ်ရုံ အမှတ်(၁)သို့ အမောတကော ရောက်ရှိလာသည်။

“မင်္ဂလာပါဆရာ”

အမြဲလိုလို နောက်ကျသည်မှာ ထုံးစံ အတိုင်းလို ဖြစ်နေသော သူမကို ဘယ်သူမှ အထူးတဆန်း မလုပ်ပေမယ့် ခုတင်ပေါ်က လူနာလေးကတော့ မျက်လုံးလေး အ၀ိုင်းသားနှင့် ငေးကြည့်နေသည်။ အဲဒါမှ ဒုက္ခပါ။ History Taking (လူနာရာဇ၀င်မေးခြင်း) မပြုလုပ်လိုက်ရသည့် အတွက်ဘာ Case လဲ ခင် မသိပါ။ ဘေးပတ်ဝန်းကျင်က ခုတင်တွေဘေးမှာ ဂျူတီကုတ် ဖွေးဖွေးတွေ၏ လှုပ်ရှားမှုတွေ။ အို ကြည့်နေရင်းနှင့်ပင် ခင် ခေါင်းမူး၍ လာသည်။

ညစဉ် စွဲသောက်နေရသည့် Diazepam တန်ခိုးက မပြယ်သေး၍ပဲလား၊ အိမ်၌ ဆင်နွှဲ နေကျ အရှုပ်တော်ပုံကြောင့်လား မသိ။ ရီဝေေ၀နှင့် ခေါင်းတွေ မူးလှသည်။ မေမေ၊ ဟုတ်ပါရဲ့  ခင့် မေမေက အလွန်သနားစရာ ကောင်းလှသည်။ ပြီးတော့ ဟိုလူကြီး။ ခင့်ပထွေး ဦးခင်မောင်။ သူ၏ မျက်လုံးစက်ကွင်းများ သံသရာမှ ဘယ်သောအခါ လွတ်ကင်းပါ့မလဲ။ အဲသည် မျက်လုံး စိမ်းကြီးတွေကို ခင် မုန်းလှသည်။

ယောက်ျားတွေရဲ့  အကြောင်းကို ခင် နားမလည်ပါ။ သို့သော် နားလည်နိုင်အောင် ကြိုးစား နေရင်းနှင့်ပဲ ခင့်ဖေဖေက မေမေနှင့် နားလည်မှု ယူပြီး ကွာရှင်း စာချုပ် တစ်ခုနဲ့ ထွက်ခွာသွားခဲ့တာ ခုချိန်ထိပဲပေါ့။ ခင် ဆေးကျောင်း စတက်တဲ့နှစ်ကတည်းက တတိယနှစ် ရောက်တဲ့ အထိ ခင့်ဖေ ဖေဆီက ဖုန်းအဆက်အသွယ်ပင် မရခဲ့လောက်အောင် ဖေဖေက ခြေရာဖျောက် ကောင်းလွန်းခဲ့ သည်လေ။

ဘယ်လိုပဲ ခြေရာ ဖျောက်ဖျောက် ပါမောက္ခ ဒေါက်တာ ဦးလွင်ငြိမ်းရဲ့ ခြေရာတွေဟာ မန္တလေး ပြည်သူ့ ဆေးရုံကြီးရဲ့ ခွဲစိတ်ရုံ ကော်ရစ်ဒါတွေ ပေါ်မှာ၊ ခွဲစိတ်ခန်းက ကြမ်းပြင်တွေပေါ်မှာ ပြန့်ကျဲနေမည်ပဲ။ ပြီးတော့ ခင့်မိသားစုလေးရဲ့ ပျော်ရွှင်ဖွယ် ရိပ်မြုံလေးကို တစ်ခဏ အတွင်း ၀င်ရောက် ချဉ်းနင်း ဖျက်ဆီးခဲ့တဲ့ ဒေါက်တာမိုးသွယ်။ သူမ M.Sc တက်နေရင်းက ဖေဖေ့ဆီက ပညာ တွေရော၊ အချစ်တွေရော၊ သာယာမှုတွေရော၊ ပြီးတော့ ခင်နဲ့ ခင့်မေမေရဲ့ မျက်ရည်စ အကျိုးအပဲ့ တွေရော သိမ်းကျုံး ယူသွားခဲ့တာ ဘယ်အရာတွေ နဲ့ ပြန်ပြီး ပေးဆပ်မလဲ။

ဖေဖေ့ကို အရွဲ့တိုက်ချင်ခဲ့တဲ့ မေမေက နောက်အိမ်ထောင်ပြု။ တကယ်တော့ ခင့်ဖေဖေဟာ တာဝန် မကျေခဲ့ရုံမက တာဝန်ပါ မသိတတ်တဲ့ ယောက်ျား တစ်ယောက်ပေပဲ။ သည်မြို့၊ သည်ကျောင်း၊ သည်ဆေးရုံမှာ ကျင်လည်ခဲ့ကြပေမယ့် ခင့်ဖေဖေက ခင်နဲ့မတွေ့အောင် အရှောင် အတိမ်း ကောင်းလွန်းခဲ့သည်။ ခင့်ဘက်က ပျောက်ဆုံးခဲ့သော ဖခင်တစ်ယောက်ရဲ့ မေတ္တာ တွေကို လွမ်းဆွတ်တမ်းတရမည့် အစား နာကြည်းစိတ် တရစပ်ဖြင့် ဖိကြိုးစားခဲ့သည်။ ဒုတိယနှစ်တွင် ရရှိခဲ့သော ခန္ဓာဗေဒ(Anatomy) ဂုဏ်ထူး အကြောင်း ခင့်ဖေဖေကို ပြောပြချင်သည်ထက် ယိုးယွင်း ပြိုကွဲယိုင်နဲ့ နေသော နှလုံးအိမ်များ အကြောင်းကိုသာ တွင်တွင် ပြောပြချင်ခဲ့သည်။

“ဟဲ့ ခင်သန့်စင်။ ဆရာ နင့်ကိုမေးနေတယ် လေ”

အတွေးတွေ ဘယ်ရောက်သွားသည် မသိ။ သင်ခန်းစာပေါ်မှာ အာရုံစူးစိုက်မှု မရှိခဲ့ခြင်းက သူမအမှားပါ။ Gastretomy (အစာအိမ်ဖြတ် တောက်ခြင်း) အကြောင်း။ မျက်လုံးများစွာက သူမကို ငေးကြည့်နေသည်။ ဟင့်အင်း၊ ခင် ဘာမှ မသိပါ။ တစ်ဆိတ် ကျေးဇူးပြုပြီး စာအကြောင်း ခေတ္တ မေ့ထားရအောင်ပါ။

သို့ပေမယ့် ခင့်စကားတွေ အန်ထွက်ရမည့် အစား မျက်ရည်တွေ ရစ်ဝဲလို့သာ လာခဲ့သည်။ ထို့နောက်တွင်ကား ဆရာ၏ စိတ်ပျက်သော မျက်လုံးများသာ သူမတစ်ကိုယ်လုံးပေါ်  ဖြန့်ကြက် နေရာယူထားခဲ့လေသည်။

၂။
သည်တစ်ခေါက် ခွဲစိတ်ရတာ အပင်ပန်းဆုံးပါပဲ။ မတုန်စဖူး ကျွန်တော့် လက်တွေ တုန်နေတော့တာပါလား။ ကြည့်ပါဦးလေ။ သမီးလေးက ပန်းနုရောင် ၀မ်းဆက်နဲ့ ကတိုတ်ကရိုက် ပြေးလာလိုက်တာ။ ဒါပေမယ့် ကျွန်တော့်ကို မြင်မသွားလို့ တော်သေးတာပေါ့။ တော်ကြာ သစ္စာမရှိခဲ့တဲ့၊ ဖခင် မပီသခဲ့တဲ့ ဖအေအတွက် စိတ်ထိခိုက် နေရပါဦးမယ်။

Operation Field ၌ ကျွမ်းကျင်စွာ လှုပ်ရှား နေပေမယ့် ဦးလွင်ငြိမ်း လက်တွေ တုန်နေသည်။ သူ၏ မျက်စိ၌ ပေါ်နေသည်က သွေးကြောတွေ၊ ကြွက်သားတွေ မဟုတ်။ သူကိုယ်တိုင် တစ်လွှာချင်းစီ ခွဲစိတ် ဖြတ်တောက် ပစ်ခဲ့သော မိသားစု ရိပ်မြုံကလေး။ ပြီး သူကိုယ်တိုင် ပြန်မချုပ် ပေးခဲ့သော ဒဏ်ရာတွေ။ နောင်တဆိုတာ ပြန်ပြင်ခွင့် ရှိမယ်ဆိုရင် သူ့အမှား သူဝန်ခံပြီး ဟိုးအရင် အတိုင်း ပျော်ရွှင်ဖွယ် ဘ၀လေးကို မက်မော နေမိမှာပါ။ မိုးသွယ်ဟာ ခင့်မေမေလောက် အပြုအစု အယုအယတွေ မကောင်းခဲ့ပါလားလို့ သိလိုက် ရချိန် ဂရုစိုက်မှုတွေ အင်မတန် ခုံမင်လွယ်တဲ့ သူ့နှလုံးက တဆစ်ဆစ် နာကျင်လာတတ်ပြီ။

ပြီးတော့ မိုးသွယ်က ကလေး လုံးဝ မလိုချင်တဲ့ အတွက် သူ့ဘ၀ရဲ့ ခြောက်ခန်းသွားတဲ့ အရာတွေကို သာယာနာ ပျော်ဖွယ် ဆည်းလည်းသံတွေနဲ့ အစားထိုးခွင့် မရှိခဲ့ဘူးလေ။ တကယ်တော့ မိုးသွယ်ရဲ့  အလှအပတွေ၊ ညှို့ ငင်နိုင်စွမ်းကြီး လွန်းတဲ့ မျက်လုံး ညိုညိုလေးတွေဟာ သူ့ဘ၀ရဲ့  ထောင်ချောက်လို့ စတွေ့ကတည်းက သိခဲ့ရင် သိပ်ကောင်းမှာပဲ။

ပြီးတော့ သမီးလေး ခင်သန့်စင်။
အိမ်ထောင်ကွဲမှာကို မိုးပြိုမှာ ကြောက်တဲ့ နှံပြည်စုတ် ငှက်ကလေးလို ဆောက်တည်ရာ မရဖြစ်ခဲ့တာတွေ၊ ရင်ကြားစေ့ပေး နေရင်းကပဲ တစ်စစ ပြိုကွဲသွားတဲ့ အိမ်ကလေးကို နာကြည်း ရိပ်တွေနဲ့ ကြည့်နေခဲ့တာတွေ၊ တကယ်တော့ ဖေဖေ မှားပါတယ်ဆိုတဲ့ စကားကို ပြောချင်ခဲ့တဲ့ နေ့ရက်တွေ၊ ပြီးတော့ သတ္တိကြောင်ခဲ့တဲ့ ၀န်မခံရဲခြင်းတွေကြောင့် အလှမ်းဝေးခဲ့ရတဲ့ သားအဖ မေတ္တာတွေ။

နုပျို လန်းဆန်းနေရမယ့် အစား နာကြည်း ရိပ်တွေကြောင့် တည်ငြိမ်နေတဲ့ သမီးလေးကို ထပ်ပြီး မနာကျင်စေတော့ဘူး။ ဖေဖေမှားပါတယ်။ လှမ်းညှပ်လိုက်သော သွေးလွှတ်ကြော ကလေးသည် မလွတ်စဖူး လွတ်ထွက် သွားလေသည်။ အစိမ်းရောင် နှာခေါင်းစည်းအောက် အတောမသတ် လိမ့်ဆင်းလာသော မျက်ရည်များကြောင့် ခွဲစိတ်နေသော မြင်ကွင်းလေးသည် ရုတ်ခြည်းေ၀၀ါးသွားလေသည်။

၃။
Bailey and Love's Surgery(Vol:2) စာအုပ် ကို ပိုက်ရင်း ဒေါက်တာ မင်းနောင်တစ်ယောက် အတွေးပွား၍ လမ်းလျှောက်လာခဲ့သည်။ လူနာ ဆောင်မှအထွက်
“ဟင် လိပ်ပြာမလေး”
ပန်းနုရောင် ပါတိတ်ဝမ်းဆက်၊ ပန်းနုရောင် ပါးပြင်၊ ပန်းသွေးရောင် နှုတ်ခမ်းအစုံဟာ အရင် အတိုင်း ညှို့ငင်နိုင်စွမ်း ရှိနေတုန်းပါလားလို့ မင်းနောင် အလန့်တကြား လက်ခံလိုက်ရလေသည်။ သူမသည် မင်းနောင်တစ်ချိန်က အသည်း စွဲခဲ့သော ဘုရင်မ။ ယခုတော့ သူ့ ဆရာကြီး၏ ဇနီးသည်။

ဆေးကျောင်း ပထမနှစ်ကတည်းက သူမကို စိတ်ဝင်စားခဲ့ပေမယ့် ယနေ့ အချိန်ထိ ချစ်စကား မပြောခဲ့ လိုက်ရတာတွေဟာ မင်းနောင်ရဲ့  ညံ့ဖျင်းမှုတစ်ခုပဲလား။ အဝေးကနေ လျှောက်လာလိုက်တာ ပန်းနုရောင် လိပ်ပြာလေး ပျံဝဲလာသလိုမို့ လိပ်ပြာမလေးလို့ သူ တိတ်တခိုး နာမည်ပေးခဲ့သည်။

ပြီးတော့ ဒုတိယ လိပ်ပြာမလေး။
သူမကို သည်နေ့ Bed Side သင်တုန်း စတွေ့ခဲ့ရသည်။ ဘာအရောင်မှ ခြယ်သ မထားခဲ့သော ဖြူမို့မို့ မျက်နှာလေးသည် နောက်ကျသည်ကို ရှက်ရွံ့ အားနာစွာဖြင့် မင်္ဂလာပါဆရာ ဟူ၍လည်း တုန်တုန်ရီရီ နှုတ်ဆက်ခဲ့သေး၏။ သူမ သူငယ်ချင်းများ၏ အပြောအရ ဒုတိယနှစ်တုန်းက ခန္ဓာဗေဒ ဂုဏ်ထူး ထွက်ထားသည့် သူမသည် သည်နေ့ ဘာစာမှ မေး၍ မရပါလား။

သူမပုံစံသည် ပျံရင်းနှင့် အတောင်ကျိုးသွားသော ငှက်ငယ်လေး တစ်ကောင်နှင့် တူသည်ဟု ရံဖန်ရံခါ ပန်းချီဆွဲလေ့ ရှိသော မင်းနောင်က ကောက်ချက် ချလိုက်လေသည်။ ပြီးတော့ မိုးသွယ်နှင့် သူမသည် အသွေးတူ၊ အဆင်းတူ လိပ်ပြာမလေးတွေ ဆိုပေမယ့် မိုးသွယ်၏ မျက်နှာသည် အရာရာကို ကျေနပ်နေသော မျက်နှာ၊ မိမိကိုယ်ကို ယုံကြည်မှု လွန်ကဲနေသော မျက်နှာနှင့် တူ၏။

Duty Coat ဖြူလွလွအပေါ် Littmann နားကြပ် အကောင်းစား တင်ထားပေမယ့် ဒုတိယ လိပ်ပြာမလေးရဲ့  မျက်နှာက ၀မ်းနည်း ပူဆွေးရိပ်တွေ လွှမ်းခြုံ ထားခဲ့သလို ချွန်သွယ်သော မေးစေ့လေးနှင့် (ပင်ပန်း၍ထင့်) ငေါထွက်နေသော ပါးရိုးများကြား အထူးဆန်းဆုံး အရာသည် မျက်လုံးများ။ နာကြည်းရိပ် ဖြင့် တလက်လက် တောက်ပနေသော မျက်ဝန်းများဟု မင်းနောင် ကဗျာဆန်ဆန် တွေးလိုက်မိသည်။

“ဟာ ဆောရီးပါ ဆရာ”
လာပြန်ပြီ လိပ်ပြာမလေး။ အဲ ဟိုကောင်မလေး။ ဆေးရုံမှ အထွက် သူမနှင့် ၀င်တိုက်မိရင်း စာအုပ်အောက် ကျသွား၍ သူမက တရိုတသေပြန် ကောက်ပေးနေသည်။ လေအဝေ့တွင် သူမ၏ ကိုယ်သင်းရနံ့လေးက နှာဝသို့ လာရောက်ထိတွေ့ ကျီစယ်သည်။ ဘုရားရေ ရင်ဘတ်ထဲမှာ ဘုရားပွဲလှည့်နေ ခဲ့ပါလား။ မိုးသွယ်ကြောင့် သေဆုံးခဲ့သော နှလုံးအိမ်သည် သူမနှင့်မှ အဘယ်ကြောင့် ခုန်နေရပါသလဲ။

မင်းနောင် အားတင်း၍ နာမည် မေးမည်အလုပ် လျင်မြန်သော လိပ်ပြာမလေးသည် ဂျူတီကုတ် အိတ်ကပ်ထဲ လက်နှိုက်ကာ လွှားခနဲ ပြေးသွားခဲ့သည်။ ပါးစပ်ဟလျက် ကြောင်နေခဲ့ပြီးမှ မင်းနောင် သူ့အဖြစ်သူ ရယ်ချင်မိသည်။ အင်းလေ နောင်တစ်နေ့ကျမှ နာမည်မေးရဦးမယ်။ မင်းနောင် တစ်ကိုယ်တည်း ကျိတ်ပြုံးမိလေသည်။

၎။
ဆေးရုံကြီး၏ အထွက်ဂိတ်ဝသို့ ခင်သန့်စင် အပြေးအလွှားရောက်ရှိလာ ခဲ့သည်။ ညာဘက် အိတ်ကပ်ထဲတွင် ထည့်ထားသော ဟမ်းဖုန်းကလေး၏ အသံသည် သူမနှင့် မေမေ့ကို အဝေးကြီး ပိုင်းခြားတော့မည်လားဟု ခင် တွေးပူမိသွား၏။ မင်းအမေ အကြီးအကျယ် ရင်ကျပ်နေတယ်။ အမြန်ပြန်လာပါ ဆိုတဲ့ ဦးခင်မောင်ရဲ့ စကား။ မေမေ တစ်ခါတစ်ခါ ရင်ကျပ်တာများ ကြောက်စရာ ကောင်းလိုက်တာ။ များပြား လှတဲ့လေ ပမာဏကို ကျဉ်းမြောင်းတဲ့ လေပြွန်လေးနဲ့ အမောတကြီး ရှူရှိုက်နေရင်း ဖုတ်လှိုက် ဖုတ်လှိုက်ဖြစ်နေမယ့် မေမေ့ ရင်ဘတ်ကို အပြေးအလွှား မြင်ယောင်မိတော့ ခင်သန့်စင် စိုးရိမ်မှုကြီးသွားသည်။

ဒုက္ခပဲ။ ဦးခင်မောင်၏ အပြောအရ inhaler ကုန်နေပြီ။ ခင်ဟာ ဆေးကျောင်းသူ တစ်ယောက် ဖြစ်နေပြီး ကိုယ့်အမေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကိုတောင် မပေးနိုင်ခဲ့ရကောင်းလား။ သူမ ကားကလေးက ဆေးရုံကြီး၏ မျက်နှာချင်းဆိုင်ရှိ ဆေးတက္ကသိုလ်ဝင်းထဲမှာ ရပ်ထားခဲ့သည်။ ဒုက္ခပဲ။ ကားတွေကလည်း များလိုက်တာ။ သည်အချိန် ခင့်မေမေအတွက် တစ်မိနစ်ဆိုတာလည်း အရေးကြီးတယ်။ ဖေဖေ့ကို ဆုံးရှုံးပြီးပြီ။ ဟင့်အင်း မေမေ့ကိုတော့ ဘယ်တော့မှ အဆုံးမခံနိုင်ဘူး။

ထိုအခိုက်။
Littmann နားကြပ်အနက်ရောင် ကလေးသည် လေထဲသို့ မြောက်တက်သွားသည်။ ရိုးတွင်းခြင်ဆီထဲက တစ်ခုခု စီးမျောသွားတဲ့ အသံကို ခင် ကြားလိုက်သည်။ ရုတ်တရက် လင်းလက်နေတဲ့ ကောင်းကင်က အမှောင်တွေ ဖုံးလွှမ်းသွားပြီလား။ ပြီးတော့ နာရီ လက်တံတွေက ဘာဖြစ်လို့ ရပ်နေကြတာလဲ။ ခန္ဓာကိုယ်ရဲ့  တစ်နေရာက အဆမတန် နာကျင်နေတာ ဘာကြောင့်လဲ၊ ဘာကြောင့်လဲ၊ ဘာကြောင့်လဲ။

၅။
အာမေဋိတ်သံနှင့် အတူ ဦးလွင်ငြိမ်း တစ်ယောက် ဆေးရုံ လှေကား ထစ်ပေါင်းများစွာကို တစ်ပြိုင်တည်း ခုန်ဆင်း လိုက်သလို ဖြတ်ကျော်ခဲ့သည်။ သူ၏ပုံစံမှာ ဆောက်တည်ရာ မရ အပူသည်တစ်ယောက်နှင့် တူ၏။ စောစောကပင် အပြေးကလေး ထွက်သွားသော သမီးလေးကို သူ၏ အခန်းပြတင်းပေါက်မှ တစိမ့်စိမ့်ကြည့်ခဲ့ရ သေးသည်။ လမ်း ၃၀ ပေါ် ရုတ်ရုတ်သဲသဲ လူတွေ၊ ကားတွေ၊ ဆိုင်ကယ်တွေ၊ စက်ဘီးတွေ ဘုရားရေ သမီးလေး ဘာမှမဖြစ်ပါစေနဲ့။ ဖေဖေရဲ့ မေတ္တာတွေ ပေးအပ်ပါရစေဦး သမီးရေ။

၆။
သူမအဖွဲ့တွေကို တွေ့ပေမယ့် သူမကို မတွေ့ ခဲ့တာ လေးရက်ပင် ကျော်ခဲ့ပြီ။ ဘာဖြစ်လို့ပါလိမ့်။ လိပ်ပြာမလေးရယ်။ နေများ မကောင်းလို့ လား။ Bed Side သင်တိုင်း သူမ ရှိနေမလား ဆိုတဲ့ အတွေးနဲ့ ဟိုကြည့် သည်ကြည့် လုပ်နေတဲ့သူ့ကို ကျောင်းသူတချို့  ကျိတ်ဟားနေကြပြီလေ။

သူ့ရင်ကို ဒုတိယအကြိမ် လှုပ်ခတ်စေ နိုင်စွမ်းတဲ့ သူမရဲ့  အမည်လေးကို တစ်နေ့နေ့ကျ သိခွင့်ရမှာပါ။ Surgery စာအုပ်လေး ပိုက်ရင်း ခပ်ငိုက်ငိုက် လျှောက်လာတဲ့ သူမကို မင်းနောင် တစ်ယောက် ပြန်မြင်ယောင်နေမိပြန်တယ်။ လိပ်ပြာမလေးရယ် မင်းနာမည် ဘယ်လို ခေါ်လဲဟင်။

၇။
“မျှော်လင့်ခြင်းဆိုတာ.. စိတ်နှလုံးထဲမှာ နားခိုရင်း စာသားမပါတဲ့ တေးသွားကို မနားတမ်း သီဆိုနေတတ်တဲ့
အတောင်အလက်ကလေးတွေနဲ့  တစ်စုံတစ်ရာ”
Emily Dickinson
(အယ်မလီဒစ်ကင်ဆန်)

ခွဲစိတ်ထားတဲ့ ကျွန်တော့်ရဲ့  ဗိုက်နံရံတွေ နာကျင်လိုက်တာ။ ခါးသက်တဲ့ ဆေးတွေ ထုံးစံ အတိုင်း မျိုချရဦးမယ်။ ပြီးတော့ ကျွန်တော့် ခုတင်နား ၀ိုင်းလာကြမယ့် ဆေးကျောင်းသူ ဆေးကျောင်းသားတွေရဲ့  အမေးကို ဖြေဖို့ အားမွေး ရဦးမယ်။ ကျွန်တော့် ဗိုက်ကို အားလုံးလိုလို လှန်ကြည့် ကြပြီး ရောဂါရာဇ၀င်ကို အသေးစိတ် စိတ်ဝင်တစား မေးမြန်းကြတယ်။ ခုချိန်ထိ။ သူမ တစ်ယောက်က လွဲရင်ပေါ့လေ။

အဲသည်နေ့က ခွဲပြီးပြီးချင်း နှစ်ရက်မို့ နားချင်သေးပေမယ့် ကိုယ့်နား လာဝိုင်းတဲ့ အဖွဲ့ကြောင့် မနားခဲ့ရဘူးလေ။ ကျွန်တော်ရဲ့ ဖြတ်တောက်ထားတဲ့ အစာအိမ် အပိုင်းအစ အချို့ကို နှမြောတသ ရှိနေတုန်းပဲ။ Bed Side ဆိုတဲ့ သူတို့တွေ ပြောနေတဲ့ လူနာခုတင်ဘေးမှာ ၀ိုင်းဖွဲ့ သင်ကြားခြင်း လုပ်နေတုန်း သူမရောက်လာတယ်။ သူမရဲ့  ၀ံ့စားတဲ့ ခြေလှမ်းလေးတွေ၊ သူမရဲ့ စာသင်နေတုန်း အဝေးကို လွင့်နေပျံ့ နေတဲ့ မျက်ဝန်းတွေ၊ ဆွေးမြည့်ရိပ် သန်းနေတဲ့ ပန်းနုရောင် မျက်နှာလေးတွေ၊ ကျွန်တော် သည်လောက် ငေးစိုက် ကြည့်နေတာတောင် သတိမထား မိနိုင်လောက်အောင် သူမ ဘာများ အတွေး နက်ရှိုင်းနေပါလိမ့်။ မခံချင်စိတ်လည်း ကြီးပုံရတဲ့ သူမ။ အားလုံး ပြန်သွားတော့ ကျွန်တော့်ကို ခွင့်တောင်းရဲ့ ။

“မောင်လေး မမ မင်းရဲ့ ရောဂါရာဇ၀င် လေးကို သိခွင့်ရှိမလား”
တဲ့လေ။ အစောက ဆရာငေါက်လိုက်လို့ မခံချင်စိတ်နဲ့ တစ်က ပြန်စတယ် ထင်ပါရဲ့။ ကျွန်တော် ဘာခံစားချက်နဲ့ ပျော်သွားလဲ မသိ။ အသာတကြည် ခေါင်းလည်း ညိတ်လိုက်ရော၊ သူမ ဟမ်းဖုန်းက မြည်လာရော။ ပြီးတော့ ကျွန်တော့်ကိုတောင် နှုတ်ဆက်မသွားဘဲ တစ်ဟုန် ထိုးပြေးသွားရော။ မနက်ဖြန်ဆို ချုပ်ရိုး ဖြေရတော့မှာ။

ဒါပေမယ့် သည်နေ့ထိ ကျွန်တော့် ခုတင် နားလာ ၀ိုင်းတဲ့ အဖွဲ့ထဲမှာ သူမ မပါသေးဘူး။ တကယ်ဆို နှုတ်ဆက်တဲ့ စကားလေးတောင် ပြောမသွားနိုင်လောက်အောင် ဘယ်လောက်များ အရေးကြီးတဲ့ ကိစ္စမို့လဲ။ ကျွန်တော့်ကို မေးမယ့် သူမမေးခွန်းတွေကို ခုချိန်ထိ ငံ့လင့်နေတုန်း။ ဒါမှမဟုတ် ကျွန်တော့် ၀မ်းဗိုက်ကို သေချာကြည့် မယ့် သူမမျက်ဝန်းတွေကို တောင့်တနေတုန်းပါ။

သူမ မခံချင်စိတ်ကြီးသလို ကတိဖျက်မယ့် အစားထဲက မဟုတ်လောက်ပါဘူးလေ။ ဆေးရုံ မဆင်းခင် နောက်ဆုံး စက္ကန့်လေးတွေထိ ကျွန်တော် သူမကို ကြိုးစား မျှော်လင့်နေတယ်။ ကျွန်တော့် မျှော်လင့်ခြင်းတွေ အငွေ့ပြယ် မသွားဘူးလို့ မရဲတရဲ ယုံကြည်နေရင်းကပေါ့။ ရူးသွပ်တယ်ပဲ ပြောပြော။

Bed Side ဆိုတဲ့ ခုတင်ဘေးက သင်ခန်း စာတွေပြီးတိုင်း သူမ လာမလားလို့ မျှော်လင့် နေမိသေးတယ်။
ခုတင်ဘေးနားက၊ ခုတင်ဘေးနားကပေါ့။

လင်းစက်နွယ်

(စာကြွင်း)
ကျွန်မ ၀ါသနာထုံလှသော ခွဲစိတ်ကုသ ပညာကို Bed Side သင်ခန်းစာဖြင့် စတင် မိတ်ဆက်ပေးခဲ့သော မန္တလေး အလုပ်သမား ဆေးရုံကြီး၏ ခွဲစိတ်ဆောင်နှင့် တတိယအမ်ဘီမှ နေ့ရက်များအား လွမ်းဆွတ်စွာ ရည်ညွှန်း တမ်းတ ဖွဲ့သီမိပါသည်။
တရားမ၀င် အကုသိုလ်များ အကြောင်း     
Written by လင်းစက်နွယ်  
Friday, 09 October 2009 06:33

၁။
လုံမ ခုတစ်လော ပြောင်းလဲနေသည်။ သစ်ရွက် လှုပ်သလား၊ ရယ်မော ပစ်တာချည်း။ သူမနေသည့် ဟိုးဝရန်တာ ထောင့်က ပြတင်းပေါက်ဆီ မုတ်သုံလေတွေ တရွတ်တိုက် ဖြတ်ပြေး ၀င်လာလည်း ရယ်မော ပစ်လိုက်နိုင်သည်။ အို... ယုတ်စွအဆုံး လုံမ နေသည့် အခန်းက စုတ်ချာချာ ဟိုကောင်မလေးနှစ်ယောက် စာကျက် နေပုံကလည်း ရယ်ချင်စရာ ကောင်းသည်။

ကမ္ဘာလောက တစ်ခုလုံး ရယ်ချင်စရာတွေ ပြည့်နှက်နေသလား။ အို... အဲလိုတွေးမိသည့် စိတ်ကူးကိုက ကပေါက်တိ ကပေါက်ချာ အဟိ...။
“ဟဲ့ လုံမ ညည်း အခုတစ်လော ဘာဖြစ်နေသတုံး။ တရယ်တည်း ရယ်နေ၊ စိတ်များ နှံ့သေးရဲ့လား”

“မိကျားနော် ညည်း မသိရင် ၀င်ဝင် မပြောနဲ့။ ကျုပ်က ကျုပ်အကြောင်းနဲ့ ကျုပ်ပါတော်”

“အမယ်လေး။ ပြောမိတာ မှားပါတယ်။ မှန်းစမ်း။ ရိုးမှ ရိုးရဲ့လား” ပြောရင်း
ဆိုရင်း မိကျားက လုံမ၏ မည်းမည်းလုံးလုံး ဗိုက်ကလေးဆီ ကပ်သွား၍ ခပ်တည်တည်နှင့် နားထောင်နေသည်။

“ဟယ်...၊ ညည်းတော့ ပွတာပဲ။ ဆယ့်နှစ်မြွှာပူးတော့။ တစ်ဒါဇင်ပူး”

မိကျားက ၀မ်းသာအားရ ၀မ်းခေါင်းသံကြီး နှင့်ပြောတော့ လုံမက အသာမျက်စောင်းထိုး သည်။
“ကဲကိုကဲ။ ဘာလဲ ဟိုဘက် အခန်းကလား”

“ဟုတ်ပါဘူးတော်။ အောက်ထပ် ဟိုမမ ၀၀ကြီး အခန်းကလေ”

“ဗုဒ္ဓေါရေ။ ညည်းက အဆောင်မှူး အခန်း က ဟို... မဲလုံးနဲ့ ပေါ့လေ။ ဟယ်...၊ သည် လူကြီး... အဲလေ၊ သည်ခြင်ကြီးကလည်း ကြည့်ရင်တော့ ရိုးပုံ ရိုးလက်နဲ့ မထင်ရဘူးနော်။ လုံမ နော်...၊ ညည်း ကိုမဲလုံးနဲ့ ဆိုတာ သေချာလို့လား”

“အို ကျုပ်က သေချာမှ သေချာ။ တော့်လို မျက်နှာ မများနိုင်ပေါင်။ တော်ကြာ ကူးစက် ရောဂါတွေ ကြောက်နေရဦးမှာ”

လုံမက ခပ်စွာစွာမျက်နှာပေးဖြင့် နှုတ်လှန် ထိုးကာ ရန်လုပ်ပစ်လိုက်သည်။
“အံမာ၊ ကျုပ်တို့က လူတွေလို HIV တို့၊ ဂနိုတို့၊ ဆစ်ဖလစ်တို့ကို မသယ်ဆောင်နိုင်ဘူးလေ။ ကူးစက် ရောဂါအတွက် စိတ်မပူရဘူး”

မိကျားက ရှူနာရှိုက်ကုံး ဖြစ်နေသော ရင်ဘတ်ကို အားပါးတရ ရှေ့သို့ ကော့၍ သူ့ဘ၀ သူဂုဏ်ယူနေသည်။ ခဏနေတော့ ဆယ့်သုံး ပေပတ်လည် အခန်းကျဉ်းလေးထဲ လူသား ကောင်မလေး တစ်ဦး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။ နောက်တစ်ယောက်က ခုတင်ပေါ် လှဲရင်းနှင့် စာဖတ်နေသည်။ ဒါကိုက မိကျားတို့ အတွက် အထူးတဆန်း ကိစ္စတစ်ရပ် ဖြစ်နေသည်။

“ခဏနေရင် တစ်ဆောင်လုံးကို သည်ကိစ္စ လိုက်ဖြန့်ရဦးမယ်။ ဆန်း၏၊ ဆန်း၏”

မိကျားက အတင်းဖြန့်ချိရေး ကိစ္စကို တွေးတောနေရင်း လမ်းလျှောက်နေသော အမျိုးသမီးလေးကို အားရပါးရ ငေးကြည့်နေသည်။ နာရီ လက်တံ အရှည်က လေးဂဏန်း၊ လက်တံအတိုက တစ်ဂဏန်းမှာ ရှိနေသည်။ ဒါသည်ပင် ခြင်မ နှစ်ကောင်အတွက် အထူးတလည် ကိစ္စရပ်ဖြစ်နေ သည်။ အကြောင်းမှာ ထိုကျောင်းသူ နှစ်ယောက်သည် ဤမျှလောက် ညဥ့်နက်အောင် စာမကျက် ဖူး၍ ဖြစ်သည်။ လုံမသည် အမျိုးသမီးငယ်၏ လက်မောင်းသား ဖွေးဖွေးနုနုလေး များကို အာသာ ငမ်းငမ်း ငေးစိုက်ကြည့်နေသည်။ ဒါ ငါ့အချိန် ကျပြီ ဟူ၍လည်း တွေးနေလေသည်။

“ဟဲ့ မိကျား။ ကျုပ်ရင်သွေးလေးတွေ အတွက် နှစ်ဆတိုး စားရတော့မှာလား”

လုံမက သူမ နှုတ်ခမ်းသားလေးတွေကို ဆွဲဆောင်မှု ရှိအောင် စူ၍ ပြောနေသည်။
“အေးပေါ့ဟဲ့။ အာဟာရ အုပ်စု သုံးအုပ်စုနဲ့ ညီအောင်စားအေ။ ဒါမှ ညည်းကလေးတွေ အလေး စီးမှာ”

“မိကျားရယ်။ ကြားဖူးပေါင်။ အာဟာရ အုပ်စုသုံးစုက လူ့သွေးထဲမှာ ပါလို့လား”

လုံမက မျက်လုံး အ၀ိုင်းသားနှင့် မေးတော့ မိကျားက ခါးတစ်ဖက် ထောက်ကာ ချောင်းဟန့်၍ မူလိုက်သေး၏။ ပြီးမှ
“ကျုပ်နေတဲ့ အခန်းက အပေါက်ဆိုးဆိုး အိုဂျီ အဒေါ်ကြီးက အိမ်ဖော်မလေးကို ပြောနေတာ ကြားတာပဲ။ ဘာတဲ့ ဟင်းကို အာဟာရ အုပ်စုနဲ့ ကိုက်ညီအောင် ချက်ဆိုလား။ အဲဒီတုန်းက ကျုပ်က မှတ်ထားတာလေ”

လုံမ၏ စိတ်ဝင်စားမှု ရှိ၊ မရှိကို မိကျားက တစ်ချက်လောက် မသိမသာ အကဲခတ်လိုက်သေး ၏။ လုံမ မျက်လုံးတွေ ပြူးစက်နေတာ သေချာတော့မှ
“မှတ်ထားဦး မိန်းမရဲ့။ ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာ ဖြစ်နေပြီ။ တချို့ကိစ္စတွေဆို နေ့ချင်း ညချင်း သိနေကြပြီတဲ့။ ဂလိုဘယ်လ်လိုက်ဇေး ရှင်းပေါ့”

“ဟမ်... ဘာကြီးလဲ”

လုံမ၏ နားမလည်သလို လုပ်နေသည့် ပုံစံ ကိုက မိကျားအတွက် အသည်းယားစရာပင် ဖြစ်သည်။
“ပါးစပ်ကြီး ဟပြ မနေနဲ့။ ကိုယ်မတတ်တာ၊ အတာ ခြင် သိသွားမယ်။ သွေးထဲမှာ လူတွေစား လိုက်တဲ့ သကြားဓာတ်လည်း ပါတယ်။ ပြီးတော့ ဟိုလေ အဲဒါက ကာဗိုဟိုက်ဒရိုက် ဓာတ်ပေါ့။ ပရိုတိန်းဓာတ်က လူတွေရဲ့ သွေးထဲမှာ အန်တီဘော်ဒီ အနေနဲ့ ဆိုလား ရှိတယ်။ ဗီတာမင်ဓာတ်တော့... အင်း...၊ ငါ မပြောတတ်တော့ဘူး”

မိကျားက မချိ သွားဖြဲ လုပ်ပြတော့ လုံမ စိတ်ထဲ သူမ၏ အိမ်ဦးနတ်အတွက် အလွန်တရာ စိတ်ပူမိသွားသည်။
“ဟယ် ဒါဆို ငါတို့က အစာအုပ်စု သုံးစုနဲ့ ညီမျှအောင် စားနေချိန်မှာ ငါ့ယောက်ျားကျတော့ သွေးမှ မစုပ်ရဘဲ ခြင်ထီး ဖြစ်နေတော့လည်း ခမျာ သစ်သီး ဖျော်ရည်တွေနဲ့ ဟို မိန်းမတွေ သောက်နေတဲ့ ကော်ဖီအေးတွေ ချည်းလှိမ့်သောက် နေရတာ သူ့ကျတော့ ဘာဓာတ်တွေ ရမှာလဲ”

မိကျားက လုံမ၏ စိုးရိမ်ပူပန်မှုကို စာနာစိတ် အပြည့်ရှိစွာကြည့်ရင်း
“မပူပါနဲ့ဟယ်။ အသီးက ဗီတာမင်ဓာတ် ရတာပဲ။ ကော်ဖီက ကဖင်းဓာတ်နဲ့ သကြားဓာတ်၊ ညည်းယောက်ျားက ငါတို့ မရနိုင်တဲ့ ဓာတ်တွေတောင် ရနိုင်ပါသေးတယ်ဟယ်”

လုံမ၏ သက်ပြင်းသံက အကျယ်ကြီးထွက် သွားသော်လည်း လှဲ၍ စာဖတ်နေသော မိန်းမပျို၏ ၀ါးခနဲ သမ်းလိုက်သံကြောင့် တစ်ဝက် တစ်ပျက်ကြီးနှင့် တန့်သွားလေသည်။ ခုတော့ လုံမ မရယ်နိုင်ပါ။ မောင့်အတွက် ဆိုလျှင်တော့ သူမ ပြက်လုံး တစ်ခု မထုတ်နိုင်ပါ။ တွေးရင်းနှင့်ပင် သူမ ရင်ခုန် သံကို ပြန်ကြားနေရသည်။ လုံမက မိကျား မသိအောင် ရင်ဘတ်ကို အသာဖိထားရလေသည်။

ခက်တာပဲ။ ဟိုကောင်မလေးတွေ မအိပ်သေးဘူး။ လုံမက သွေးဆာ နေပြီဖြစ်၏။ အဲဒီငနဲ မလေးတွေက ခြေသွက် လက်သွက်လေးတွေ။ တစ်လောက လုံမမိတ်ဆွေ ငါးကောင်တိတိ တစ်နေ့တည်းမှာပဲ ဈာပန ကျင်းပခဲ့ရသည်။ သူတို့က မနပ်ဘူး။ လုံမက နပ်တယ်လေ။ အဲဒီ ငနဲမလေးတွေက အိပ်နေရင် ဆင်အော် ရင်တောင် မော်တော်ပီကယ် ၀ီစီမှုတ်သလောက် ထင်ပြီး အအိပ်ကြမ်းကြသည်မို့ ငနဲမတွေ အိပ်မှ လုံမက အလုပ်စတာ။ ငနဲမ တစ်ကောင်၏ သွေးက အရမ်းချိုပြီး အီစိမ့်နေသလောက် ကျန်တစ်ကောင်၏ သွေးက ချဉ်စုတ်စုတ်နှင့်။ ဒါကြောင့် လုံမက ခုလို အချိုတောင့်တ နေချိန်မှာ လမ်းလျှောက်နေသည့် ငနဲမလေးကိုပဲ တားကတ် ထားသည်။ ပြီးမှ အအီပြေ အချဉ်အရသာလေး အတွက် နောက်တစ်ယောက်။
အို...၊ တွေးရင်းနှင့်ပင် သူမ၀မ်းက တကြုတ်ကြုတ် ဆာလောင်လာသည်။

၂။
“လင်းစက်ရေ ငါတော့ ရူးချင်လာပြီ။ ငါတော့ မှားပြီ သယ်ရင်းရယ်”

ရွှေစင်က အိပ်ရာပေါ်မှ ၀မ်းနည်းသံကြီး စွက်၍ ညည်းတွားနေလေသည်။
“ဒါများ ဘာခက်လို့တုံး အစင်ရဲ့။ ဖြိုးကြီး သီချင်းလိုပေါ့။ ရင်မှာ အချစ်များ အို မှားပြီ၊ အချစ် ရေ___ ငါမှားပြီ___ ရင်နာတာများ___”

လင်းစက်က ရွှေစင် ခြေရင်းနားက လွတ်နေသော နေရာမှာ ၀င်ထိုင်လိုက်ရင်း ကျီစယ်နေသည်။
“ဟာ နင့်အသံပြဲကြီးနဲ့ တိုးတိုး။ အာကြီး ကြားသွားမှ ဟုတ်ပေ့ ဖြစ်နေဦးမယ်။(အာကြီး ဆိုသည်မှာ သူမတို့ အောက်ထပ်မှ အဆောင်မှူးကို အာပြဲ လွန်း၍ အပ်နှင်း ထားသော ဘွဲ့ထူး ဂုဏ်ထူးကြီးဖြစ်၏။) ငါ ဘာစာမှ မရတော့ဘူး။ မနက်ဖြန် ငါ ဘယ်လို မျက်နှာနဲ့ စာမေးပွဲခန်းထဲ ၀င်ရမလဲ”

“အံမယ် သူများကြားရင် နင့်ကို အရင်က စာရပြီး ခုမှ စာမရသလို ထင်နေဦးမယ်။ လုပ်မနေနဲ့။ ဒီမှာ အံတိုနေပြီ။ စာမေးပွဲ ဖြေစားလာတာ သုံးနှစ်ရှိပြီ။ နင် သည်လိုပဲ မျက်နှာပြောင် တိုက်ပြီး အခန်းထဲ ၀င်နေကျ။ ဟွန်း ငါသိတယ် မိန်းမရဲ့။ ဟဲ့၊ ဒါနဲ့ ဟို သာဂိက နင့်ကို မနက်ဖြန် စာမေးပွဲ နောက်ဆုံးနေ့မှာ အဖြေတောင်း ထားတယ်နော်”

ရွှေစင်က အလန့်တကြား မျက်လုံးပြူးသွားလေသည်။ ဟုတ်ပါရဲ့။ သာဂိဆိုတာ သူမတို့ နှစ်ယောက် ပေးထားသည့် နာမည်။ အမည်ရင်းက သာလင်း။ သူက ရွှေစင့်ကို ပထမ အမ်ဘီကတည်းက အရူးအမူး စွဲလမ်း တွယ်ငြိနေသူ ဖြစ်၏။ ယခု တတိယ အမ်ဘီ၏ ဖိုင်နယ် ဖြေနေချိန်ထိ အပူ တပြင်းနှင့် သူမထံမှ အဖြေကို ဇွတ်တောင်းနေတော့သည်။ အဆောင်ကို စာမေးပွဲရက် မဟုတ်တဲ့ ညတိုင်းလိုလို ဂစ်တာ လာတီးပြီး အာကြီး၏ အမုန်းကို နေ့စဉ်နှင့် အမျှ ခံနေရရှာ သူလေးအတွက် ရွှေစင့် သံမဏိ အသည်းက တဖြည်းဖြည်း ပုံ၍ပုံ၍ ကျလာသည်။

ရွှေစင် သာလင်းကို ချစ်မိသွားပြီ။ ဘယ်လိုလုပ်ပြီး ချစ်မိသွားသလဲ သူမပင် မသိလိုက်။ သူမက ရကောက် အုပ်စု၊ သူက သအုပ်စုဆိုတော့ ညနေပိုင်း ဆက်ရှင် တူကြတာချင်း သည်လည်းကောင်း၊ ဒုတိယနှစ်တုန်းက အနာတမီ တစ်ရှူးစတွေ ကြည့်သည့် ဟစ်စတော် လော်ဂျီခန်းမှာတုန်းက ရွှေစင့် လက်ချက်ကြောင့်Slideနဲ့ ပြားတစ်ချပ်ကျ ကွဲသွားခဲ့တာကို အစား လျော်ပေးတာတွေ သည်လည်းကောင်း၊ နီးစပ်စေမှုများအား ခွဲခြမ်း စိတ်ဖြာကြည့်နေသည်။

မည်မျှ အတွေးနက်ရှိုင်းသွားသည်မသိ။ လင်းစက် အသံကြားမှ ဖျတ်ခနဲ သတိဝင်လာသည်။ မနက်ဖြန် Micro (အဏုဇီဝဗေဒ) စာမေးပွဲကြီး။ အတွေးစ တွေကို စိတ်တံမြက်စည်းဖြင့် အလျင်အမြန် သိမ်းကော် လှည်းကျင်းပစ်လိုက် ရသည်။ သူမက ဖတ်လက်စ Parasitology(ကပ်ပါးပိုးမွှားဗေဒ)စာအုပ်ကို ကောက်ကိုင်လိုက်ရင်း “လင်းစက် Life Cycle of Malaria Parasite in Man (ငှက်ဖျားပိုး၏ လူတွင်ကျင်လည်ပုံ)က ဖိုက်ဖ်စတားလားဟင်”

“ဟာ အေးပေါ့ သည့်ထက် အရေးကြီးတာ ရှိမလား။ ပါမှာ၊ ကျက်သာ ကျက်”

“ခြင်ကြောင့် ဖြစ်တဲ့ ရောဂါထဲက ဘာမေးမယ် ထင်လဲ”

“ဘယ်သိမှာလဲ။ ငါက ပရော်ဖက်ဆာမှ မဟုတ်ဘဲ အစင်ရယ်။ နင်ကလည်း သုံးလေးပုဒ်ကိုများ ကျက်လိုက်ပါဟယ်။ Test တုန်းကလည်း ကျက်ထားတာပဲ”
အတူတူနှင့် အနူနူချင်းတောင်မှ လင်းစက်က နှာတစ်ဖျား အသာယူ၍ နှစ်သိမ့်ပေးနေလေသည်။

“ဟာ သည် သောက်ခြင်တွေ၊ အမျိုးယုတ်တွေ။ ဟွန်း သူတို့ ရှိနေလို့ ငါတို့ သည်စာတွေ ကျက်နေရတာ။ ငါတော့ ရှိသမျှ ခြင်ကို DDT ဖျန်းပြီး သတ်ချင်တော့တာပဲ”
ရွှေစင့်အသံက ကျယ်သွား၍ သူမ ပါးစပ်ကို လင်းစက်က အလျင်အမြန် ဆွဲအုပ် ပစ်လိုက်ရသည်။

၃။
သူသည် အလွန်တရာ ဒေါသထွက်ခဲလှသော ခြင်ဖိုတစ်ကောင် ဖြစ်သည်။ တော်ရုံနှင့်၊ အို...၊ အလွန်ဆုံး သူ့ကို ထိပါးရင်တောင် သည်း ခံနိုင်သည်။ ဒါပေမယ့် အစောက ကြားလိုက်ရတဲ့ စကားတွေကြောင့် အမျိုးထိလျှင် ဆူပွက်လာသော သွေးက အရှိန် တက်လာလေသည်။ DDT ကို သူ ကြောက်သည်။ တစ်လောက ဟိုဘက် ရပ်ကွက်မှာ သွေးလွန် တုပ်ကွေးဖြစ်သော ကောင်လေး တစ်ယောက်ကြောင့် ထိုအိမ်အနီး တစ်ဝိုက် DDT လိုက်ဖျန်းခဲ့သည်။ အဲသည်မှာ တင်ပဲ သူ့မိတ်ဆွေတွေ အလုံးအရင်း သေဆုံး သွားခဲ့ရှာသည်။ တွေးနေရင်းပင် သူ့ရင်တွေ ဆီမှာ ၀မ်းနည်းခြင်း လှိုင်းတံပိုးတွေ ရိုက်ခတ်လာသည်။

“လုံမနဲ့ မိကျား လာဦး”

“ဘာတုံး မဲလုံးရဲ့”

“အေး...၊ ငါ သွေးကြွေး ဆပ်မယ်။ ငါတို့ ခြင်တွေကို စော်ကားလွန်းရာ ကျနေတဲ့ အတွက် အားလုံးကိုယ်စား ကလဲ့စားချေရမယ်”

မိကျားက လက်ခမောင်း ခတ်နေသော မဲလုံး အား အလန့်တကြား ငေးကြည့်နေသည်။ လုံမ ရောပါပဲ။
“မောင်ရယ်၊ ရှင် ဒေါသမကြီးပါနဲ့ရှင်။ ကျွန်မမှာလည်း ကိုယ်လေး လက်ဝန်ကြီးနဲ့လေ။ ဟိုက လူ၊ ရှင်က ခြင်။ မခံနိုင်လည်း ရှင်က ဘာတတ်နိုင်... နိုင်...”

လုံမ ဖျောင်းဖျနေစဉ်မှာပဲ မဲလုံးက တဇွတ်ထိုး ပျံသန်းသွားခဲ့သည်။ လက်မောင်းသား ဖြူဖြူဖွေးဖွေးထဲသို့ သူ့နှာတံတွေကို အားရပါးရ ထိုးသွင်း ပစ်လိုက်သည်။ ခြင်ဖိုဖြစ်၍ တစ်ခါမျှ သွေးမစုပ်ဖူးသော သူ့နှာတံတွေ ကောက်ကွေး တွန့်လိမ်သွားပေမယ့် လက်မလျှော့သေး။ တစ်ချီမှာ သူ့နှာတံ တစ်ဆစ်က မိန်းမပျို၏ အသားစိုင်ထဲ စိုက်ဝင်သွားသည်။

ထိုစဉ်...။
နာကျင်ကိုက်ခဲမှု ဝေဒနာ အစုစုကြားထဲက လုံမ၏ စိုးရိမ်တကြီး အော်လိုက်သံကို သူ နှစ်ခြိုက်စွာ နားဆင်နေသည်။ ပြားဝပ်သွားသော သူ၏ ကိုယ်ထည် အောက်မှာ သွေးရည်တွေ တရစပ် စီးဆင်းနေပြီဆိုတာ သူသိ၏။ လုံမလေး နင်မလာနဲ့လို့ သူအကျယ်ကြီး အော်ပြောလိုက်ချင် ပေမယ့် လက်တွေ့မှာတော့ ထိုအသံက သူ့ လည်ချောင်းဝ ဆီမှာ ဆို့နင့် တိမ်ဝင်သွားလေ သည်။ ရုတ်တရက် သူ့အသိထဲ တရစပ် ၀င်လာတာ သူ့ရင်သွေးလေးတွေဖြစ်၏။ ဖခင်ဟူသော ဂုဏ်ပုဒ် တစ်ခုကို အကျေနပ်ကြီး ကျေနပ် နေခဲ့ရသော နေ့ရက်တွေကို လွမ်းဆွတ် နေရင်းနဲ့ပဲ သူသေဆုံး သွားခဲ့လေသည်။

“မလုပ်နဲ့ လုံမ။ မလုပ်နဲ့လေ...”

အချစ်စိတ်ဖြင့် မွှန်ထူသွားသော လုံမက မကြားနိုင်တော့ဘဲ တစ်ဟုန်တိုး ပြေးထွက်သွား သည်။ “ဖြန်း” ဟူသော အသံ တစ်ခု၏ နောက်မှာ လုံမ ၀ိညာဉ်တွေ ကပ်ငြိပါသွားမလားဟု စိုးရိမ် ထိတ်လန့်စွာ မိကျားက ဆန်းစစ် ကြည့်နေသည်။ ခေါင်းတစ်ပိုင်း၊ ကိုယ်တစ်ပိုင်း ပြတ်သွားသော လုံမ။ မိကျားရဲ့ အချစ်ဆုံး သူငယ်ချင်း လုံမ။ ခုတော့...ခုတော့...။

မိကျားက ဆို့နင့် အက်ကွဲစွာဖြင့် တံတွေး တစ်ချက်ကို ခက်ခဲစွာ မျိုချ ပစ်လိုက်ရသည်။ မိကျား နောက်ဆုံး မြင်လိုက်သည်က လုံမ၏ မျက်ရည်စတွေ ဖြစ်၏။ သူငယ်ချင်း လင်မယား၏ အဖြစ်ဆိုးကို တခြား အခန်းဖော်များအား လိုက်ပြောရင်း သူမပါ အခန်း ပြောင်းဖို့ ကြိုးစားရတော့မည်။ အခန်းပြောင်းမှ မဟုတ်ဘူး။ အဆောင်ပါ ပြောင်းမှပါ။

ဆေးကျောင်းသူနဲ့ ဆရာဝန်ဆိုတဲ့ လူတန်း စားတွေဟာ လူ့အသက်ကို ကယ်ပါတယ် ဆိုပြီး ဂုဏ်ယူ ၀င့်ကြွားနေသလောက် တစ်ဖက်မှာတော့ စိတ္တဇ ခြင်သတ် သမားတွေ ဖြစ်နေကြပြန်တယ်။ ဒါဟာ ခြင့်အခွင့်အရေး ချိုးဖောက်မှုပဲ။ ခြင် တစ်ကောင်စီမှာRight ရှိတယ်။ အဲဒီ Right အတွက် ခြင်တွေ တိုက်ပွဲဝင်သင့် ၀င်ရမယ်။ နာကြည်းစွာ ပျံသန်းသွားသော သူမ၏ ကိုယ်ခန္ခာသည် ထိုအခန်းမှ အထွက် ပြင်းပြသော ဝေဒနာကြောင့် အောက်သို့ ပြုတ်ကျလေ၏။ သူမအပေါ် မိုးထားသော စာလုံးများအား နောက်ဆုံးအနေဖြင့် ကြိုးစား၍ ဖတ်လိုက်သည်။

Lynn Satt Nwe, 3rd MB, Parasitology ...

စာအုပ်၏ အလေးချိန်သည် အချိန်တို အတွင်းမှာပဲ သူမ၏ ဇီဝိန်ကို နှုတ်ခြွေ သွားတော့မည်။ ငနဲမ၏ စိတ်မထင်လျှင် မထင်သလို ကောက်ပေါက် တတ်သော စာအုပ် လက်နက်ကြားမှာ သူမ သေပွဲဝင်ရတော့မည်။ MBBS ဟူသော စာတန်းကို ရင်နာစွာဖြင့် ကြည့်လိုက်သည်။ မိကျားက ဟိုးရိုးတွင်း ခြင်ဆီထဲမှ အားကို ကုတ် ခြစ်ယူ၍ ရှိသမျှ အားနှင့် ရွံရှာ စက်ဆုပ်စွာ တံတွေး ထွေးချ ပစ်လိုက်သည်။ “ထွီ” ဟူသော အသံသည် အဖျားခတ်ကာ ဆန့်တငင်ငင် ထွက်သွားခဲ့လေသည်။

၎။
ခြင်သုံးကောင်၏ အဖြစ်အား အစအဆုံး မြင်တွေ့သွားသော ကိုရွှေပင့်ကူသည် မိကျားအား တိတ်တဆိတ် ချောင်းမြောင်းကာ လစ်ရင် လစ်သလို တွယ်ဖို့ ခုတင်ခြေရင်းက အမှိုက်ပုံး နားမှာ ပုန်းနေတာပဲ ဖြစ်၏။ ဒါပေမယ့် သူရရှိလိုက်တာ မိကျား၏ တံတွေးစ အစက်တွေပဲ ဖြစ်၏။ ဘာပဲဖြစ်ဖြစ် သူသည် သတင်းကို အခန်းဖော် ပင့်ကူများအား ဖြန့်ရမည်။ သူအလျင်အမြန် ဖြန့်နိုင်မှ သူ့အခန်းဖော်များက သူ့ကို လေးစားကြမည်။ ပြီးတော့ သူက ဂျပိုးကို လိပ်ဖြစ်အောင် ပြောပြီး သူရဲကောင်း ၀င်လုပ်ပြမည်။ ဟုတ်ပြီ။

ခပ်သော့သော့လေး ပြေးနေသော ကိုရွှေပင့်ကူ၏ ခြေလှမ်းတွေသည် တစ်စုံတစ်ခု၏ ဆောင့်ဆွဲခံရမှုကြောင့် ရုတ်ခြည်း နာကျင် သွားလေသည်။ သူ၏ ဦးခေါင်းမှ စိုစွတ်မှုနှင့် နာကျင်မှု။ အထိအတွေ့ အာရုံနှစ်ခုကို ရေရာစွာ မခွဲခြားနိုင် သေးခင်မှာပဲ ဒါဟာ အိမ်မြှောင် တစ်ကောင်ရဲ့ သွားရည်တွေနဲ့ သွားတွေပဲဟု နောက်ကျစွာ သိရှိသွားသည်။ အိမ်မြှောင်က သူ့အား မညှာမတာ ကိုက်ဖြတ် ၀ါးမျို ပစ်လိုက်လေသည်။ ပင့်ကူ၏ အရသာကို ခံစားပြီးသွားသော အိမ်မြှောင်သည် ဂုဏ်ယူ ၀င့်ကြွားစွာဖြင့် တံခါးဝဆီသို့ လျှောက် လာနေသည်။

“မင်းတစ်ယောက်တည်း သည်ကိစ္စကို သိတာ မဟုတ်ဘူး။ ငါလည်း သိတာပဲ။ ခုတော့ ခြင်ဇာတ်လမ်းကို သိတာ ငါတစ်ကောင်တည်း၊ ငါတစ်ကောင်တည်းပေါ့။ ဟား ဟား”

အိမ်မြှောင်က အားပါးတရ ရယ်မော လိုက်ပေမယ့် လက်တွေ့မှာတော့ ထိုအသံက “ကျွတ် ကျွတ်” ဟူ၍...။
ရုတ်တရက် ...။ သူ့ရှေ့မှာ ဘွားခနဲ ပေါ်လာသည့် မိန်းမ ၀၀ကြီးအား ကြောက်ရွံ့စွာဖြင့် ပွင့်အံ သွားသော တံခါးမကြီး၏ ပတ္တာအို နားမှာ အသာလေး ၀င်ခိုနေလိုက်သည်။ သည်မိန်းမကြီး ဘာလာ လုပ်တာပါလိမ့်။

“လင်းစက်နွယ်နဲ့ ရွှေစင် ညည်းတို့ လွန်လာပြီနော်။ လူကြီး တစ်ယောက် အောက်ထပ်မှာ ရှိနေသေးတယ်ဆိုတာ မမေ့နဲ့။ ညည်းတို့ စိတ်လွတ် ကိုယ်လွတ်နေဖို့ သည်အခန်းကို ငှားရမ်းထားတာ မဟုတ်ဘူး။ အစောက “ဘုန်းခနဲ” ပြုတ်ကျတာ ဘာလဲ။ ငါအခု လန့်လွန်းလို့ သွေးကျဆေး သောက်နေရတယ်ဟဲ့...”
ရွှေစင်က အဆောင်မှူးအား မျက်စိပျက် မျက်နှာပျက်စွာ ကြည့်နေလေသည်။

“ဟို ဟို အဲဒါ လင်းစက်ရဲ့ Bailey & Love စာအုပ်ကြီး ပြုတ်ကျ သွားတာပါ မမ၊ နောက် အဲလို မဖြစ်စေရပါဘူး။ ခုဟာက ခွဲစိတ်ကု ပညာကို စိတ်ဝင်စားလွန်းလို့ ငြင်းခုံကြရင်း ဖြစ်သွားတာပါ”

လင်းစက်က အတန်ငယ် ပျော့ပျောင်းသော လေသံဖြင့် အတိုင်ပင်ခံ ခွဲစိတ် ဆရာဝန်မကြီး (အဆောင်မှူး) အား အပျော့ ဆွဲလေး ဆွဲလိုက်သည်။ Bailey & Love လို စာအုပ်ထူကြီးအား ဘုရားပေးပေး၊ ကျမ်းပေးပေး ဘယ်သော အခါမှ ဖတ်ဖို့ အသိတရား ၀င်မည် မဟုတ်သော သူမတို့ နှစ်ယောက်၏ မုသားကို မသိရှာသော ဆာဂျင်မမက သဘောကျ သွားလေသည်။ အမှန်က ပြုတ်ကျသွားသော စာအုပ်မှာ လင်းစက် ပစ်ပေါက်လိုက်သော Micro Parasitology စာအုပ်လေးသာ ဖြစ်၏။

“ဟုတ်လား အေး အေး။ အခုဟာက ဘာကိစ္စနဲ့ ပတ်သတ်ပြီး အငြင်းပွားတာလဲကွဲ့”

“ခြင် အဲ ဟုတ်ပေါင်။ ခြင်ကိုက်လိုက်တာလို့။ ဟိုလေ...”

ရွှေစင်က ကြောက်အားလန့်အားနှင့် ထစ်ထစ်အအ မှားမှား ယွင်းယွင်းတွေ ဖြစ်ကုန်သည်။ အခြေအနေအရ လင်းစက်က ပွဲဝင်ထိန်းပေးလိုက်ရသည်။
“ဟိုလေ မမ။ ခြင်ကြောင့်ဖြစ်တဲ့ ဆင်ခြေထောက် ရောဂါလေ။ Elephantiasis ဖြစ်ရင် Surgically ပြုပြင်လို့ ရမရ။ ငြင်းနေကြတာပါ”

အမျိုးသမီးကြီးက နှစ်ခြိုက်စွာ ပြုံးလိုက်သည်။
“သြော် ညည်းတို့က Filariasis ကို စိတ်ဝင်စားသကိုး။ ဟုတ်ပြီလေ။ မနက်ဖြန် တို့အခန်းကို ညနေကျ လာခဲ့။ တို့ရှင်းပြမှာပေါ့။ ဒါက ငြင်းနေလို့မှ မပြီးတာ”

“ဟုတ် ဟုတ်ကဲ့ မမ”

အိမ်မြှောင်က ထိုမိန်းမကြီး၏ မျက်နှာအား အနီးကပ် သေချာစွာ ကြည့်လိုဇောဖြင့် ပတ္တာအိုကြားမှ ထွက်ဖို့ကြိုးစားသည်။ သို့သော် ၀ဖိုင့်သော ခန္ဓာကိုယ်နှင့် မလိုက်ဖက်စွာ အလွန်တရာ လျင်မြန်သော အမျိုးသမီးကြီး၏ တံခါးဆွဲ ပိတ်လိုက်သံ အောက်မှာ သူ့နံရိုးတွေ တစ်ချောင်းချင်းစီ ပြုတ်ထွက်ကုန်သည်။
“ကျွတ် ကျွတ်”
အိမ်မြှောင်၏ နောက်ဆုံး ညည်းချင်းသည် မနက်ဖြန် စာမေးပွဲကြီးအတွက် ပြင်ဆင်နေရသော ဆေးကျောင်းသူနှစ်ဦး၏ သားချော့တေး တစ်ပုဒ် အဖြစ် အသွင်ပြောင်းသွားလေသည်။

၅။
မနက်ဖြန် ညနေမှာ အဆောင်မှူးဆီ သွား၍ သူမ လေကျယ်သမျှ ခေါင်းလေးတညိတ်ညိတ် လုပ်ကာ နားထောင်ပြရတော့မည်။ သည်အသိကြောင့် သူမတို့ နှစ်ဦးစလုံး စိတ်ပျက်လက်ပျက် နှင့် မနက်ခြောက်နာရီ နှိုးစက်ပေးကာ အိပ်ဖို့ ပြင်ရတော့သည်။
“ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမ္မာဒိယာမိ”

“မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမ္မာ ဒိယာမိ”

မိန်းမပျိုနှစ်ဦး၏ ကသောကမျော တည်ဆောက်လိုက်သည့် ငါးပါးသီလ ဘုရား ရှိခိုးသည် အပြင်ဘက်မှ နားထောင်လျှင် တိုးတစ်ချက် ကျယ်တစ်ချက် လွင့်ထွက်လာလေသည်။ တစ်ဆောင်လုံး ဆရာဝန်တွေသာ ရှိသော သူမတို့ အဆောင်ကြီး၏ ပထမထပ် ညာဘက်ခန်းဆီမှ မီးခလုတ် ပိတ်သံ။ ပြီးနောက် ပန်ကာဖွင့်သံ။ ပြီးနောက် အသက်ရှူသံ။

များမကြာမီမှာပဲ မြောနေသော အိမ်မြှောင် တစ်ကောင်၏ မျက်လုံး အိမ်များမှ မျက်ရည်ပွင့်များ ကြမ်းခင်းနှင့် မိတ်ဆက်သွားသည်။ ငါးပါးသီလ တရားတော်ကို နာကြည်းစွာ ကြားနာ နေသော အိမ်မြှောင်၏ မျက်ရည်နှင့် ကြမ်းပြင် တိထွေ့သံသည် နရီမမှန်သော စည်းချက်များ အဖြစ် တိတ်ဆိတ်နေသော ညတစ်ခုမှာ အက်ကွဲစွာ ထွက်အံကျလာခဲ့လေသည်။

နိဂုံး။
စာမေးပွဲ ညများ၏ မသိလိုက် မသိဘာသာ အကုသိုလ်များသည် တရားဝင်ပါသလား။ ထိုသို့ မေးခွန်း ထုတ်နေရင်းနှင့်ပင် ကျွန်မ၏ မနက်များ၌ ယောင်ယမ်း ရိုက်မိခဲ့သော ခြင်များအား ကြမ်းပေါ်၌ ပြန့်ကျဲစွာ တွေ့ရလေ့ရှိပါသည်။ ထို့ကြောင့် မေးခွန်း ထုတ်မိသော ကျွန်မ နှုတ်သားများအား အားနာစွာဖြင့် ဤ၀တ္ထုဖြင့် သင်ပုန်း ချေလိုက်ပါသည်။ သူတို့ အားလုံး ဥဒါန်းကျေ၏ မကျေ၏ ဆိုသည်မူကား...။

လင်းစက်နွယ်
နှောင်ငင်မိသော ကောင်းကင်     
Written by လင်းစက်နွယ်  
Thursday, 12 November 2009 07:02

“ကျွီ”ခနဲ မြည်သွားတဲ့ ပတ္တာအို တစ်ခုရဲ့ အော်မြည်သံကြောင့် ကျင့်သား ရနေတဲ့ ကိုယ့် မျက်လုံး တွေကို အစိမ်းရင့်ရောင် နာရီအို တစ်ခုဆီ လွှဲထား ပစ်လိုက် တယ်။ ညနေ ခြောက်နာရီက ရန်ကုန်မြို့ ထဲမှာ မီးတွေ ထိန်ညီးနေ၊ လူတွေဆူညံ အုံကြွနေသလောက်၊ ကိုယ့်ရင်ဘတ်တွေဆီမှာ တော့ ပူလောင်ခြင်းတွေ မြှိုက်လို့ ထားခဲ့ပေါ့။ မင်းရောက်လာပြီ။ ကိုယ်မင်းကို ကြည့်မနေဘဲ ကိုယ့်မျက်လုံးတွေကို နာရီဆီကိုပဲ ဌာပနာ ခဲ့တာပါ။ မင်းရောက် လာတာကို သတ္တမမြောက် အာရုံကနေ သိတယ်လို့ ပြောရင် မင်းနှုတ်ခမ်းလေးတွေ အဆမတန် ပျော့ခွေ သွားမှာဘဲ။ ဟုတ်တယ်။ မင်း ဟားတိုက်လိုက်ရင် ကိုယ့်ကောင်းကင်ပေါ်မှာ အဲဒီည အတွက် နက္ခတ် မဲ့သွားတယ်။ ခုမှလား။ မဟုတ်ပါဘူး။ မင်း တတိယနှစ်ကတည်းက ကိုယ့်ညတချို့ ကာလာမဲ့ သွားခဲ့တယ်။

၂။
ဦးချစ်မောင်လမ်းဆီ တရွေ့ရွေ့ ပြေးနေတဲ့ ကိုယ့်ဆလွန်းကားလေး ရုတ်တရက် ဖျားနာသွားလို့ ကိုယ်အလျင်အမြန် ပလက်ဖောင်းနဲ့ မိတ်ဆက် လိုက်ရတယ်။ လမ်းမီးတွေ ကင်းမဲ့နေတဲ့ တစ်ည တုန်းကပေါ့။ ကိုယ်မရည်ရွယ် ခဲ့ပေမယ့် ကိုယ့် ကားရဲ့ညာဘက် မီးသီးလေးက မင်းကို သွားပွတ်မိတယ် ဆိုရင်ပဲ “အား”ဆိုတဲ့ ကျင်တက်နေတဲ့ အော်သံတစ်ခုကို ကိုယ်အထိတ် တလန့် လက်ခံ လိုက်ရတယ်။
ကိုယ် လစ်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် ဘတ်ထရီ ဒေါင်းသွားတဲ့ ကိုယ့်ကားလေးက ကိုယ့်ကို မကယ်တင်နိုင်ခဲ့ဘူး။ မင်းက တစ်ကိုယ်လုံး အနက်ရောင်တွေချည်း ဆင်မြန်း ထားခဲ့တာကိုး။

“ခင်ဗျား မျက်စိ ကန်းနေသလား။ ဒီမှာ လူတစ်ယောက်လုံးကို မမြင်ရအောင်၊ အို မဟုတ်ဘူး၊ ဒါ ခင်ဗျား ကျွန်တော့်ကို တမင် လုပ်ကြံတာ”

ကိုယ်လေ ပိန်းပိတ်အောင် မှောင်နေတဲ့ မဟူရာ ညမှာ မင်းစကားတွေ အတွက် ရယ်မောဖြစ် သွားတယ်။ မင်းကို ကိုယ်က လုပ်ကြံရအောင် မင်းက ကမ္ဘာကျော် နိုင်ငံရေး သမားလည်း မဟုတ်ရပါလား။ အဲသလို ကိုယ်ရယ်မိသွားတုန်း ကိုယ့်ကားလေးရဲ့ ညာဘက် တံခါးကို မင်းတအား ဆွဲဖွင့်တယ်။ ကိုယ် ချက်ခတ်ထားမှန်း သိလို့ မင်းလက်တွေက ဖွင့်ထားတဲ့ ပြတင်းမှန်ကနေ ချက်ကလေးဆီ အလုအငင် တိုးဝင်လာတယ်။
ကိုယ်က မင်းဆွဲ မထုတ်ခင်ပဲ ကားပေါ်က အရင်ဆင်းနှင့်ပြီးသား ဖြစ်သွားတယ်လေ။

“သြော် လက်စသတ်တော့ ခင်ဗျားက လေးလုံးမကြီးပဲ”

မင်းမျက်နှာ နုနုလေးကိုပဲ ဘာလမှ မသာတဲ့ ညက ကိုယ်အကြီးအကျယ် ဖတ်ရှုခဲ့ လိုက်မိတယ်။ ကိုယ့်ရဲ့ ပါဝါမျက်မှန် ထူထူ အောက်က မျက်လုံးတွေ ဘယ်လောက် ထိုင်းမှိုင်း သွားမလဲ မင်းမြင်မှာ မဟုတ်ဘူး။ မင်းဟာ အဲသည်ကတည်းက ကိုယ့်ကို သဲကြီးမဲကြီး ဖတ်ရှုဖို့ ကြိုးစားနေတဲ့ ခပ်အအ ယောက်ျား တစ်ယောက်ပဲ။

“ငါဘာသာငါ လေးလုံးမက၊ ခြောက်လုံး ဖြစ်ဖြစ် မင်းအပူ မပါဘူး”

“ခင်ဗျားကလည်း ကျွန်တော့်ကို ၀င်အောင်း သေးတယ်။ စကားပြောတာ ရင့်လှချည်လား။ ခု ကျွန်တော် ကျေနပ်အောင် ခင်ဗျား ဘာလုပ် ပေးမလဲ”

မင်းလေသံကို ကိုယ်တော်တော် အမြင် ကတ်သွားတယ်။ ဖျားနေတဲ့ လမ်းကလေးနဲ့ ရောယောင်ပြီး ကိုယ်ဖျား သွားခဲ့သေးတယ်။ ကိုယ်အဖျားရှိန် တက်နေတုန်းမှာပဲ...
“ဟေ့ကောင် မင်းအဲဒီလို အောက်တန်း မကျနဲ့ကွာ၊ ငါဘာမှ မမြင်ရဘူး”

ကိုယ့်မျက်မှန်ကို မင်း အလျင်အမြန် ဆွဲယူ သွားတယ် ဆိုရင်ဘဲ ကိုယ်တအားကို ထူပူသွားတယ်။ ပိန်းပိတ် အောင်မှောင်သွားတဲ့ ကိုယ့်ကမ္ဘာ တစ်ခုကို မင်းကိုအငှား ခံစား ကြည့်စေချင် တယ်။ မင်းရဲ့ အော်ဟစ် ဟားတိုက်သံတွေ၊ ကိုယ် သိပ်မုန်းတဲ့ အာခေါင်ခြစ် အော်သံတွေကို နားထောင် မိနေရင်းကပဲ ကိုယ့် မျက်နှာတွေ စိုစွတ် နွေးထွေးသွားတာ ကိုယ်သိလိုက်တယ်။

“ငါ့မျက်မှန် ပြန်ပေးပါ။ ငါတောင်းပန်ပါ တယ်ကွာ”

အဲသလိုငါ ခယ လိုက်ပေမယ့် မင်းအသံ လုံးဝ မကြားရတော့ဘူး။ ည ဆယ်နာရီခွဲ ဆိုတဲ့ အချိန်ဟာ ငါ့အသိထဲက ရိုမန်တစ်မဆန်တဲ့ နတ်ဆိုး တစ်ကောင်ရဲ့ သောင်းကျန်းမှုလို ၀ုန်းဒိုင်း ကြဲ ပေါက်ကွဲသွားတယ်။ ကားသံတချို့ ငါ့ဘေး နားကနေ ရှပ်တိုက်ဖြတ်သွားတယ်။ ငါဘာမှ မမြင်ရဘူး။

“ဟေး တစ်ယောက်တည်းလား ညီမလေး၊ အစ်ကိုကြီးတို့နဲ့ လိုက်မလား”

စူးစူးဝါးဝါး ရမ္မက်သံ ဗလုံးဗထွေးထဲ ကိုယ် အထိတ်တလန့် မျက်ရည် ကျသွား ခဲ့ပြန် တယ်။ ကိုယ့်နားမှာ အန္တရာယ် ပေးနိုင်တဲ့ တစ်စုံ တစ်ယောက် ရှိနေနိုင်တယ်။ ဒါပေမယ့် ကိုယ်ထိုင်ချပြီး ရှိုက်ငို မိနေတုန်း မှာပဲ မင်းကိုယ့် ညာဘက် ပုခုံးစွန်းကို လာထိတယ်။
“ကျွန်တော် စတာပါ အစ်မရယ်၊ မငိုနဲ့ တော့နော်”

ရယ်စရာ ကောင်းတာ တစ်ခုက ကိုယ်က မင်းကို ချော့ရမှာ ဖြစ်ပေမယ့် မင်းကကိုယ့်ကို နှစ်သိမ့် သွားခဲ့တယ်လေ။
“ကျွန်တော်က မနက်ဖြန် စာမေးပွဲ ဖြေရမှာမို့ လိုအပ်တဲ့ ပစ္စည်းတွေ သွားဝယ်နေတာ။ ကျွန်တော်က တတိယနှစ် ဆေးကျောင်းသား မနက်ဖြန် လူနာနဲ့ ဖြေရမယ့် စာမေးပွဲရှိလို့ Stress များသွားတယ် ထင်တယ်။ ဆောရီးဗျာ”

ကိုယ်ကယောင်ပြီး ဒါမှမဟုတ် သတိ လက်လွတ်ဖြစ်သွားပြီး မင်းကျောကို တအား ထုရိုက် ပစ်လိုက်တယ်။ ဒါဟာ ကိုယ်စိတ်ဆိုး နေတဲ့ လူတစ်ယောက်ကို စိတ်ပြေခါနီး ပြုမူနေကျ အကျင့်တစ်ခု ဆိုတာ မင်းက ဘယ်သိနိုင် ပါ့မလဲ။ မာနကြီး ပုံရတဲ့ မင်းဟာ အလိုက်ကန်းဆိုး မသိစွာဘဲ မင်းရဲ့ကိုယ်ကို ဟိုဘက် ရွှေ့သွား တယ်။ အဲဒီတော့ ကိုယ် အငိုတိတ် ပစ်လိုက်ရတယ် လေ။

၃။
ကိုယ့်လိပ်စာကို သဲကြီးမဲကြီး မေးသွားတဲ့ မင်းကို ကိုယ်အဲဒီ ညက လိပ်စာ ပေးမိလိုက်တာ ကိုယ့်အိတ်ထောင်ထဲ ကံဆိုးခြင်း မိုးတိမ်တွေကို တအိအိ ပြိုဆင်း စေခဲ့သလိုပါပဲ။ မင်းကအမှန် တကယ် ကိုယ့်ဆီ ရောက်လာခဲ့တယ်လေ။ ကိုယ်တစ်ယောက်တည်းနေတဲ့ တိုက်ခန်း တစ်ခုရဲ့ အညိုရင့်ရောင် တံခါးကို အရှိန်ပြင်းပြင်းနဲ့ ခေါက်ခဲ့သေးတယ်။ ကိုယ့်သူငယ်ချင်းတွေ မှတ်လို့ တံခါး ဖွင့်ပေးမိလိုက်တဲ့ကိုယ် မင်းကို တွေ့လိုက်တဲ့ တဒင်္ဂ၊ ဘယ်ဘက်ရင်အုံအောက် က ညင်သာတဲ့ ရိုက်ခတ်မှုကို သတိထားမိ လိုက်တယ်။

ကိုယ်အစောက ကော်ဖီ သောက်ထားလို့ ရင်တုန် သွားတာလည်း ဖြစ်နိုင်တာပဲလေ။ ကိုယ်ကြောင်ပြီး ရပ်နေတုန်းမှာ မင်းက ကိုယ့်အဖြစ် အပျက်ကို ရယ်နေတယ်။
“ခင်ဗျား တံခါး ဖွင့်မပေးရင်လည်း ကျွန်တော် ပြန်ရတော့မှာပေါ့နော်”

မင်းက ဆရာဝန်လောင်း ပီသစွာ ကိုယ့်ကို သွေးတိုးစမ်းလိုက်တယ်။ ကိုယ်က ရှေ့ကတစ်ခု တည်းသော အဖြူရောင် သံပန်းတံခါးကို ဖွင့်ပေး ရနိုးနိုး ချိန်ဆနေတယ်လေ။ ဒါပေမယ့် ကိုယ်ဘယ်လောက် တုံးသလဲ ဆိုရင် ကိုယ်ကိုယ်တိုင် သတိ မထားမိခင်မှာပဲ သံပန်း တံခါးလေးကို ဆွဲဖွင့်ပေးလျက်သား ဖြစ် နေပြီ။ မင်းက ချိန်ကိုက်ဗုံး ထောင်ထားတဲ့ အခန်းတစ်ခုထဲ ၀င်နေရသူလို တစ်လှမ်းချင်းစီ ၀င်လာတယ်။
“ထိုင်လေ”

သံပန်း တံခါးကို ကိုယ်မပိတ်ဘဲသည် အတိုင်း ဖွင့်ထားလိုက်မိတယ်။ အကယ်၍ တစ်စုံ တစ်ယောက်က ကိုယ်တို့နှစ်ယောက်ကို မြင်သွား ရင် ရိုးရှင်းမှု သင်္ကေတ တစ်ခု အဖြစ်ပေါ့။ မင်းဟာ ကိုယ့်ရဲ့တစ်ခုတည်းသော ပက်လက် ကုလားထိုင်ပေါ် မှီချလိုက်တော့ ကိုယ် ရုတ်တရက် အငိုက်မိသွားတယ်။ အဲတော့ ဧည့်သည်ကို ဦးစား ပေးရမယ့် ထုံးစံအတိုင်း ကိုယ်ကတော့ မင်းနဲ့ မျက်နှာချင်းဆိုင် ကြမ်း ပြင်ပေါ်မှာ စွေ့ခနဲ ၀င်ထိုင်လိုက်တယ်။

မင်းလည်း မနေနိုင်တော့ဘဲ ကိုယ့်ရှေ့က နေရာတစ်ခုပေါ် ဆင်းထိုင် လိုက်တယ်။
“မင်း လျော်ကြေး တောင်းမလို့လား။ ကိုယ်က သူဌေး မဟုတ်ဘူးနော်။ သည်အခန်းက ငှားထားရတာ”

ကိုယ် တမင်သက်သက် ညာပြောလိုက်တယ်။ ကိုယ့်အာရုံက မင်းကိုယ့်ကို ငွေညစ်တော့မယ်လို့ တထစ်ချ တွေးထင် နေမိတုန်းပဲလေ။
“ခင်ဗျား ပါပါရာဇီလုပ်ရင် အညံ့ဆုံးဖြစ်မှာပဲနော်။ ကျွန်တော် ခင်ဗျား ကို တွေ့ချင်လို့ လာတာပေါ့။ လျော်ကြေးတောင်းရအောင် ကျွန်တော့် ညာဘက်ဒူး နည်းနည်းပွန်းသွားတာကလွဲရင် အကြီးအကျယ် ထိခိုက်မှု မရှိပါဘူးလေ”

မင်းဟာ လေပျော့လေးနဲ့ တစ်ဖက်လူကို ဆွဲဆောင်နိုင်တဲ့ အတတ်ကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သူပဲ။ ကိုယ်နည်းနည်းလေး ထိခိုက်သွား တယ်။
“ဒူးပွန်းသွားတော့ တော်တော် စပ်မှာဘဲနော်။ ဆောရီး။ ကိုယ် အဲဒီညက နည်းနည်း တွေဝေသွားလို့”
“ဘာလဲ အသည်း ကွဲခဲ့တာလား”

မင်းရဲ့လက်နှစ်ဖက်က အလျင်အမြန် အသည်း နှလုံးပုံလေး ကွေးပြ လိုက်တယ်ဆိုရင်ပဲ ကိုယ်တအား ရယ်ဖြစ်သွားတယ်။
“ကိုယ်က အသည်း မရှိဘူးကွ။ အသည်းကွဲတယ် ဆိုတာ ပျော့ညံ့တဲ့ မိန်းမတွေရဲ့အလုပ်”

ထုံးစံအတိုင်း မင်းက အာခေါင်ခြစ် ရယ်သံနဲ့ ကိုယ့်ကို ဟားပြန်တယ်။
“ခင်ဗျားက လှမှ မလှတာ၊ ဘယ်သူက ကြိုက်မှာလဲ”

“ဘာ”

မင်းက လက်ခုပ် လက်ဝါးတီးပြီး ခပ်သော့သော့လေး ရယ်လိုက်တော့ ဖြူဖွေးညီညာတဲ့ သွားလေးတွေကို ကိုယ့်ရဲ့ပါဝါမျက်မှန် ထူအောက်က အလုအယက် ငေးကြည့်မိသွားတယ်။ ကိုယ်လည်း မိန်းမ တစ်ယောက်ပဲ လေ။ လှတယ်ပြောတာ မျိုးတော့ ကိုယ်မျှော်လင့် နေမိတာပေါ့။ အထူးသဖြင့် မိန်းမ တစ်ယောက်တည်း နေတဲ့ တိုက်ခန်း တစ်ခုထဲမှာ သူစိမ်းယောက်ျား တစ်ဦးရဲ့ ချီးကျူးမှုကိုတော့ ကိုယ်ငံ့လင့်မိမှာပဲလေ။

“ကြည့်ဦးလေ။ ကိုယ့်ရုပ်ကိုယ်၊ နေပါဦး။ ခင်ဗျားက ဘာအလုပ် လုပ်လဲ”

“မင်းက MRTV-4 က အင်တာဗျူဝါလား။ ထားပါ၊ ကဲ ကိုယ်က NGO တစ်ခုမှာ လုပ်တယ်”

“ဘာနဲ့ ပတ်သက်သလဲ”

“အစုံပဲ။ ကူးစက် ရောဂါပြန့်ပွားမှု ထိန်းသိမ်း ကာကွယ်ရေး စီမံချက်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်၊ နောက်ပြီး မျိုးဆက်ပွား ကျန်းမာရေး (Reproductive Health) စီမံချက်တွေပေါ့”

မင်းမျက်လုံးလေးတွေ လက်သွားတာကို ကိုယ်ငေးစိုက် ကြည့်နေမိပြန်တယ်။ ဖြူဖျော့နေတဲ့ မင်းအသားအရေ အတွက် ညိုညစ်ညစ် ကိုယ့် ကွန်ပလက်ရှင်ကို နည်းနည်း အားနာသွားတယ်။ ဘာဆိုင်သလဲနော်။
“ခင်ဗျား နာမည်က”

မင်းနဲ့ကိုယ် ပြိုင်တူ ရယ်မောဖြစ်သွားတယ်လေ။ အို ဘုရားရေ။ ကိုယ့် နာမည်တောင် မသိတဲ့၊ ကိုယ်ကလည်း နာမည်မမေးမိထားတဲ့ သူစိမ်း ယောက်ျား တစ်ဦးရဲ့ အမေးကြောင့် ကိုယ်တို့ နှစ်ယောက်လုံးရဲ့ အူကြောင်ကြောင် အဖြစ် အတွက် ရယ်မော မိသွားတယ်။
“ကိုယ့်နာမည်က သက်ခါး။ မင်းရော”

“ကျွန်တော်လား။ အင်း၊ ကျွန်တော်က ဘယ်သူပါလိမ့်နော်။ အိုဘားမားလည်း ဖြစ်နိုင်တာပဲ၊ ဒါဗင်ချီလည်း ဟုတ်ရင်ဟုတ်မှာ၊ အဲလ် ဘတ်ကမူးဆိုလည်း မမှားလောက်ပါဘူး”

မင်းက ရယ်ကျဲကျဲ လုပ်နေတော့ ကိုယ်စိတ်မရှည်သလို ကိုယ့်ဘေးက နံရံကြီးကို လုံးချေပြီးသား စက္ကူနဲ့ ကောက်ပေါက် ပစ်လိုက်တယ်။ မင်းတော့ တကယ့် ဂြိုဟ်ကောင်ပဲ။
“စတာပါ။ ကျွန်တော့်နာမည်က သူရိန်ခါး၊ အဟတ်”

ကြည့်စမ်းပါဦးလေ။ ကိုယ့်ရဲ့ သက်ခါးဆိုတဲ့ အထူးတဆန်း နာမည်ကိုပဲ မင်းရဲ့နေမင်းလို ပူလောင်တဲ့ နာမည် နောက်မှာ “ခါး”ဆိုပြီး သွတ်သွင်း လိုက်သေးရဲ့။ အဲဒီအချိန်ကစပြီး သက်ခါးဆိုတဲ့ မိန်းမ တစ်ယောက်ရဲ့ နေ့စဉ်မှတ်တမ်းထဲမှာ မျိုးဆက်ပွား ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေနဲ့ အတူ “သူရိန်” ဆိုတဲ့ ယောက်ျားတစ်ယောက် ညပ်ညပ်ပါသွားတယ်။ မင်းဟာ အပူ ဟပ်စေတဲ့ နေရောင်စဉ်တွေကို ကိုယ့်အသည်းဆီ အစွမ်းကုန် ဖြန့်ကြက်ထား ခဲ့လိမ့်မယ်လို့တော့ ကိုယ် မတွေးထင်ခဲ့ဘူးလေ။

၎။
မင်းဟာ ကိုယ့်မွေးနေ့ မွေနံ ရာဟုက လွဲရင် ကျန်တဲ့ ခြောက်ရက်လုံး ကိုယ့်ဆီ လာလည်ခဲ့ တယ်။ မင်းရဲ့အကြောင်းပြချက် တစ်ခုကြောင့် ကိုယ်တံခါးတွေ အလိုလို ပွင့်အံသွားခဲ့တာပါ။ ကိုယ်သိပ်ချစ်တဲ့ အ၀ါရောင် နှင်းဆီပန်းတွေကို မရိုးနိုင်အောင် လက်ဆောင် ပေးရင်းပေါ့။
“မ အခု ကျွန်တော် သင်တန်းတစ်ခုတက် မလို့။ MMA မှာဖွင့်မှာလေ”

“ဟုတ်လား။ မဟုတ်မှလွဲရော၊ HHAL လား”

မင်းပြုံးလိုက်တော့ ကိုယ့်ရဲ့ ရင်ခုန်သံက ကိုယ့်ကို အငိုက် ဖမ်းလိုက်တာ ခံခဲ့ရတယ်လေ။ HHAL (Happy and Health Adolescent Life)ဆိုတဲ့ ပျော်ရွှင် တက်ကြွဖွယ် လူငယ် သင်တန်း တစ်ခုကို ကိုယ်သိနေခဲ့တာ မင်းအံ့သြသွားမှာပဲ လေ။
“မက ဘယ်လိုလုပ် သိတာလဲ”

“ကိုယ် အကြားအမြင် ရနေတာလေ။ သမထ အားကောင်းနေလို့ ထင်တယ်”

နောက်ပြီးကိုယ်က ဆရာဒေါက်တာ ဦးနေ၀င်း ဦးစီး ဖွင့်လှစ်တဲ့ အဲဒီ သင်တန်းလေး တစ်ခု အကြောင်း မင်းနဲ့ ဆွေးနွေးဖြစ်တယ်။ အသက် ၁၅ နှစ်က ၂၄ နှစ်ထိသာ တက်ရောက်ခွင့် ပေးထားတဲ့ ဆယ်ကျော်သက် လူငယ်ဖွံ့ဖြိုးရေး သင်တန်းလေးဆီမှာ ကိုယ့်အသက် ၂၃ နှစ် တုန်းက သင်တန်းသူ တစ်ယောက် ဖြစ်ခဲ့ဖူးတယ်လေ။

KPA (Knowledge, Attitude, Practice) စတဲ့ အတိုကောက် စာလုံးလေးသုံးလုံးနဲ့ လှပစွာ သိမ်းထုပ်ထားတဲ့ ကိုယ်တို့ သင်တန်းလေး (ခုတော့ မင်းသင်တန်းလေး) အကြောင်းမင်းကို ပြောပြဖြစ်တယ်။
“မက အဲလို သင်တန်းတွေရော တက်သလား၊ ဘာလို့လဲ”

“ကိုယ်က ရခဲတဲ့ လူငယ် ဘ၀ကို မက်မော တွယ်တာတယ်လေ။ နောက်ပြီး လူငယ်တွေမှာ အိပ်မက် အမှုန်အစတွေ ရှိတယ်။ ဟိုနေရာ တစ်ကွက်၊ သည်နေရာ တစ်ကွက် ကြဲပြန့်နေတဲ့ အဲဒီ အမှုန်အစတွေ ပေါင်းဆုံသွားပြီး နောက်ထပ် ခမ်းနားတဲ့ အနာဂတ် တစ်ခုအတွက် အရင်းအနှီး လှေကားထစ်တွေ ဖြစ်မသွားနိုင်ဘူးလို့ ဘယ်သူ ပြောလဲ။ ကိုယ့်အိပ်မက်က လူမှုရေး လုပ်ငန်းတွေလေ။ လူငယ်တစ်ယောက် ဖြစ်ခဲ့တုန်းက ကိုယ် အလုပ်နိုင်ခဲ့ဆုံး ဗခအငလငအပ တွေပေါ့”

မင်းက ကိုယ့်ကို မျက်တောင် မခတ်တမ်း ငေးကြည့် နေခဲ့တယ်။ ကိုယ် ရှက်ရမ်းရမ်းပြီး လွန်ခဲ့သော သက္ကရာဇ်များ ဆီက Leadership Training (လူငယ်ခေါင်းဆောင်မှုဆိုင်ရာ သင်တန်း)လေးတစ်ခုကို အလျင်အမြန် ဖောက်သည်ချရတယ်။ ကိုယ့်ရဲ့ လူငယ် မဟုတ်တော့တဲ့၊ လူကြီးအရာလည်း မမြောက်တဲ့ ဘ၀ကို သက္ကရာဇ် အဟောင်းထဲ လှိုက်စား စေခဲ့တယ်။

သြော် ပြီးတော့ မင်းလာနေကျဖြစ်လို့ နောက်ထပ် ပက်လက်ကုလား ထိုင်တစ်လုံးကို ကိုယ်ဝယ် ထားလိုက်တယ်။ ခဏနေတော့ မင်း မှတ်မိမလား။ ကိုယ်တို့ နှစ်ယောက်လုံး အသည်း အသန် စွဲလမ်းတဲ့ Cafe Latte ကို ကိုယ်ကိုယ်တိုင် ဖျော်စပ် ပေးခဲ့တာကိုလေ။
ရုတ်တရက် ကိုယ် ဘာကြောင်သွားမှန်း မသိဘူး။ ကိုယ်သိတာ ကိုယ်ပျော်ရွှင်နေတယ် ဆိုတာပါပဲ။ မိန်းမတစ်ယောက်ရဲ့ ပျော်ရွှင်မှုကို အရိပ် ဖမ်းမိလိုက်တဲ့ မင်းရဲ့စူးရှရှ မျက်ဝန်းတွေထဲ ကိုယ်ကျကွဲ သွားခဲ့တယ်။

“လူ့ဘ၀ဟာ ရေပွက်ပမာ
တစ်ချက်ကလေး မှားရုံနဲ့ ချောက်ထဲကျ
တလိမ့် တလိမ့် တလိမ့် တလိမ့် ချောက်ထဲ ကျ”

HHAL တုန်းက ကိုယ်တို့ ကခုန် သီဆိုခဲ့ ရတဲ့ ကဗျာ သံစဉ်လေး တစ်ပုဒ်ကို သတိရ သွားပြီး ကိုယ်မင်းရှေ့မှာ ကခုန်ပြ နေမိတယ်လေ။ အဲဒီတုန်းက သီချင်းက တဖြည်းဖြည်း မြန်သွားပြီး ယှဉ်ပြိုင်တဲ့ အဖွဲ့လေးဖွဲ့မှာ တစ်ဖွဲ့ချင်းစီ မကနိုင်ဘဲ ပြုတ်ကျန်ကုန်တယ်။ နောက်ဆုံး ကိုယ်တို့ အဖွဲ့မှာ ကိုယ်တစ်ယောက်တည်း ကျန်တော့တယ်။ အောက်က လက်ခုပ်လက်ဝါး ၀ိုင်းတီးပြီး သရုပ်ဖော် ကပြနေရတဲ့ သံစဉ်လေးကို ပိုမြန်ပစ်လိုက်တော့ ကိုယ့်မှာ လက်ကားယား ခြေကားယားနဲ့ ဖုတ်ပူ မီးတိုက် ဖြစ်ခဲ့ရတယ်။ ဒါပေမယ့် ဇွဲဆု အနေနဲ့ ကိုယ်တို့ အဖွဲ့လေးက သွေးစက် ကလေးပုံ ကီးချိန်း လေးတစ်ခုစီ ချီးမြှင့်ခံခဲ့ရတယ်။

ဒါပေမယ့် မင်းက....
“ဟာ ဗျာ ကြည့်မကောင်းဘူး။ ကလန် ကလားကြီးနဲ့”

ကိုယ် အရမ်း ၀မ်းနည်းသွားပြီး မင်းကျောကို ယောင်မှားစွာ ထုမိပြန်တယ်။ မင်းရဲ့ကျောဟာ ကိုယ့်လက်သီး ဆုပ်ကလေးကို အားမနာတတ်စွာ ရှောင်တိမ်းသွားလို့ ကိုယ်ဆို့နင့် သွားတုန်းမှာပဲ တစ်စုံတစ်ခုကို ကိုယ်ကြားလိုက်တယ်။ “ချစ်တယ်”ဆိုတဲ့ စကား တစ်ခွန်းနောက် ကိုယ့်ရဲ့တစ်ချက်ကလေး သတိ လွတ်သွားတဲ့ နှလုံးသားဟာ တလိမ့်ခေါက် ကွေးလေး ပြုတ်ကျ သွားတော့တယ်။ ကိုယ်လေ အဲဒီနှလုံးသား ဘယ် ထဲပြုတ်ကျ သွားသလဲလို့ ကော်ဖီ ခွက်လေးထဲမှာ ယောင်မှားစွာ ရှာနေမိပြန်တယ်။ ကိုယ် အလျင်အမြန် မျိုချမိလိုက်တဲ့ ကော်ဖီ တစ်ငုံဟာ ကိုယ့် လည်မျိုတွေကို နွေးထွေးမှုတွေပေးမသနားခဲ့ဘူးလေ။

၅။
ကိုယ် အငိုက်မိ သွားခဲ့တယ်။ ကိုယ်နဲ့ပန်းချီ ကားတွေ အကြောင်း မျက်မှောက်ကြုတ် ဝေဖန်ခဲ့ ဖူးတဲ့၊ ကိုယ်နဲ့အတူ ဘာသာပြန်စာအုပ်တွေကို ဘယ်သူအရင်ပြီးမလဲ ပြိုင်ဖတ် ဖူးတဲ့၊ ကိုယ်နဲ့ အတူ Rock သခု ဂီတ သံစဉ်တွေထဲ မိန်းမော ပျော်ဝင်ဖူးတဲ့ ယောက်ျား တစ်ယောက်ရဲ့ မာယာထဲ ကိုယ်မတော်တဆ ပြုတ်ကျသွားခဲ့တဲ့ နေ့ဟာ မင်း ဘယ်တော့မှ ကိုယ့်ဆီ မလာဖူးတဲ့ ရာဟု ညနေခင်း တစ်ခုမှာပေါ့။

ကိုယ်က ကံကြမ္မာကို ပစ်ဆဲတတ်တဲ့ ခပ်ညံ့ညံ့ မိန်းမ တစ်ယောက် မဟုတ်ဘူး။ တကယ်တမ်း ကံကြမ္မာက အပြစ် ရှိသလား။ မင်းရဲ့ အ၀ါရောင် နှင်းဆီ ဆယ်ပွင့်ကပဲ ကိုယ့်အာရုံတွေကို ဖြားယောင်း သွားခဲ့သလား။ မင်းအသိ ဆုံးပဲ ဖြစ်မှာပါ။ အ၀ါရောင်ဟာ ကိုယ့်အသည်းကို ကစားတတ်တဲ့၊ နုလှပြီး ရက်စက် တတ်တဲ့ အရောင်လို့ ကိုယ်အလန့်တကြား လက်ခံလိုက်ရတယ်။

ကိုယ့်ရဲ့အညိုရောင် တံခါးမကြီးဆီ (မင်းကို ယုံကြည်စွာ) ချက်ထိုး ထားခဲ့မိတဲ့ ကိုယ့်လက်ချောင်းတွေကသာ အပြစ် တစ်ခုလို့ ကိုယ်ခံယူလိုက် တယ်။ သည်လောက် ဖြားယောင်းမှုတွေ အုံဆိုင်းနေတဲ့အခန်းငယ်တစ်ခုထဲ မှာ ကိုယ်တို့ နှစ်ယောက်လုံး အူကြောင်ကြောင် ရပ်နေခဲ့မိတယ်။ သြဂုတ်လ ရဲ့ ထစ်ချုန်းနေတဲ့ မိုးစက်၊ မိုးပေါက်တွေဟာ ကိုယ်တို့ရဲ့သောကတွေကို တစ်စက်ချင်းစီ ဖြတ်သန်း သွားကြတယ်။ အတော်အတန် မှောင်နေတဲ့ အခန်း တစ်ခုမှာ ကိုယ့်တိမ်တိုက် တစ်ခု ပြိုကျ သွားခဲ့တယ်။

“ကျွန်တော်... ဆောရီး”
မပြောနဲ့။ ပါးစပ် ပိတ်ထားစမ်းပါ။ တစ်ဆိတ် ကျေးဇူးပြုပြီး ကိုယ့်ရဲ့ တန်ဖိုးဖြတ် မရနိုင်တဲ့ မိန်းမဘ၀ကို ဆောရီးဆိုတဲ့ ပေါ့ပျက်ပျက် အနောက်တိုင်း စကားတစ်ခွန်းတည်းနဲ့ သိမ်းပိုက်မသွားပါနဲ့။ ကိုယ်က ကိုယ့်ရဲ့ ရင်ခုန်သံကို ကိုးကွယ်နေခဲ့တာ မဟုတ်ဘူးလေ။ ဒါဟာ ရင်ခုန်သံကြောင့် ဖြစ်တာ မဟုတ်ဘူး။ မာယာဆိုတဲ့ စနက်ကြောင့် ဖြစ်ရတာ။

“မင်း ကိုယ့်ကို လက်ထပ်ရလိမ့်မယ် သူရိန်”
အလင်းရောင် တစ်စွန်းတစ်စသာ ကျန်နေတော့ပေမယ့် မင်းရဲ့ခိုကိုးရာမဲ့ ပင့်သက်ရှိုက်သံကို ကိုယ်တုန်လှုပ်စွာ ကြားခဲ့ရတယ်။ ဟုတ်တယ်။ မင်း အရမ်းကို တုန်လှုပ်သွားတယ်။ ဒါပေမယ့်...
“ကျွန်တော်တို့ သဘက်ခါပဲ လက်ထပ်လိုက်ကြတာပေါ့”

“မင်း ရူးနေလား သူရိန်၊ မင်း အခု ဖိုင်နယ်ပါ့တ်တူးလေ။ ဆေးကျောင်းသား တစ်ယောက်ရဲ့ဘ၀ကို အဆုံးအဖြတ်ပေးမယ့် အဓိက အတန်းမှာ မင်း လက်ထပ်ဖို့...”

“ခင်ဗျားကို ကျွန်တော် လျော်ကြေးပေးနိုင်တာ သည်တစ်ခုပဲ ရှိတယ်။ အလွန်ဆုံး ကျွန်တော် သည်တစ်နှစ် နားလိုက်ရုံပေါ့”

ကိုယ်လေ မင်းရဲ့ ထေ့ငေါ့မှုတွေထဲမှာ အလဲလဲအပြိုပြို ကျဆုံး သွားတယ်။ လျော်ကြေး၊ ဟုတ်လား။ မိန်းမ တစ်ယောက်ရဲ့ ဖြစ်တည်မှုဟာ စီးပွားရေး ဆန်ဆန် သင်္ချာ ဂဏန်းတွေနဲ့ ပစ်ပေါက်လို့ ရသလား။ တကယ်ပဲ ကိုယ် မသိလို့ပါ။ ကျေးဇူးပြုပြီး ကိုယ့်ဖြစ်တည်မှုကိုတော့ မရိုက်ချိုးပါနဲ့။
“မင်းက ကျောင်းမှာ နှစ်တိုင်း ဂုဏ်ထူး ထွက်နေတဲ့ လူတော် တစ်ယောက်ပဲ။ ကိုယ်မင်းကို မဖျက်ဆီးရက်ဘူး။ မင်းဘက်က တာဝန်သိစွာ ပါ့တ်တူး ပြီးရင် ကိုယ်နဲ့ လက်ထပ်ပေးပါ”

ဝုန်းခနဲ တွန်းလှဲပစ်လိုက်တဲ့ အသံတစ်ခုကို သဲကွဲစွာ မရိပ်မိသေးခင် မှာပဲ ကိုယ်အရမ်းလန့်သွားတယ်။
“မ ကျွန်တော့်ကို အမိန့် ပေးနေတာလား။ ဒါမှမဟုတ် ကျွန်တော့်ကို ချုပ်နှောင်ဖို့ ကြိုးစား နေတာလား”

“မဟုတ်ဘူး သူရိန်၊ ကိုယ်မင်းကို ဘယ်တော့မှ မချုပ်နှောင်ခဲ့ပါဘူး။ ကိုယ် မချုပ်နှောင်ခဲ့လို့ မင်းခုလို ကြိုးစားခဲ့တာပဲ မဟုတ်လား”

“မက ကျွန်တော့်ကို ဖြားယောင်းခဲ့တာကိုး”

ကိုယ် မင်းကို ပါးရိုက်မိသွားတယ်။ ရုပ်ရှင်တွေထဲကလို ပါးရိုက်ပြီးမှ တုန်လှုပ်သွားတဲ့ လက်ချောင်းတွေကို တအံ့တသြ ငေးကြည့်ဖို့လည်း ကိုယ် သတိ မရခဲ့ဘူး။ ကိုယ်က တိမ်တိုက် တစ်ခုဆိုရင် မင်းဟာ လေယာဉ် တစ်စင်းပေါ့။ မင်းကိုယ့်ကို ဖြိုခွင်းပစ်လိုက်တယ်လေ။
“ကိုယ်မင်းကို ကော်ဖီ ဖျော်ပေးဖို့ မီးဖိုချောင်ထဲ သွားခဲ့တယ်။ ကိုယ် မင်းကို ယုံကြည်လို့ ဒီနေ့မှ တံခါးချက်ကို ထိုးထားမိခဲ့တယ်။ နောက်ပြီး ကိုယ့်အခန်းထဲမှာ မင်းဝင်သွားတာကိုတောင် မင်းစိတ်ဝင်စားတဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စာအုပ်ကို သွားယူတယ်လို့ တထစ်ချ ယုံကြည်ခဲ့မိတယ်။ ကိုယ့်ရဲ့ ယုံကြည်မှုက စည်သွတ်ဘူး တစ်ဘူးလို သေသပ် မသွားခဲ့တာ ကိုယ့်ရဲ့ ဖြားယောင်းမှုတဲ့လား သူရိန်”

ကိုယ်မျက်ရည် ကျနေခဲ့မှာကို မင်းသိပါတယ်။ ကိုယ့်ရဲ့ ဘယ်ရောက် သွားမှန်းမသိတဲ့ မျက်မှန်ကိုတောင် မင်းကို ကိုယ့်ကားနဲ့ ပွတ်ခဲ့မိတဲ့ ညကလို ပြန်တပ် မပေးခဲ့ပါဘူး။ မှုန်ဝါးရီဝေနေတဲ့ ကိုယ့်မျက်ဝန်းတွေက မျက်ရည်တွေ ဟာ အစစ်အမှန်တွေလားလို့ မင်းရဲ့ထက်မြက်တဲ့ သိပ္ပံဥာဏ်နဲ့ ထွင်းဖောက် အဖြေထုတ်နေဆဲလား။

မင်းက အပြစ်တစ်ခုကို ကျူးလွန်သူလေ။
“မကို ကျွန်တော် ချစ်ပါတယ်။ မရဲ့ ယုံကြည်မှုကို ကျွန်တော် မရိုက်ချိုးချင်ပါဘူး”

ဘုရားရေ။ မင်းအသံတွေ အက်ကွဲတုန်ယင် နေခဲ့တယ်။ ကိုယ့်ပါးပြင် တွေဟာ မျက်ရည်တွေနဲ့ မင်းရဲ့အနမ်း၊ ထိတွေ့မှု နှစ်ခုကြောင့် နွေးထွေးမှု ချင်း မသဲကွဲခဲ့ဘူး။ ခပ်ဝေးဝေးက နှင်းဆီရနံ့တွေ ထောင်းခနဲ ဝေ့ပျံ့လာတယ်။ ကိုယ်လေ နှင်းဆီ တစ်ခုရဲ့ရနံ့ အဲလောက်ထိ စူးရှတတ်မှန်း မသိတတ်ခဲ့ဘူး။

၆။
မင်းရဲ့ အလာကျဲသွားတဲ့ အခိုက်အတန့်တွေ အတွက် ကိုယ့်မျက်ရည်ဗုံးတွေ တိတ်တဆိတ် ပေါက်ကွဲသွားတယ်။ နောက်ပြီး အညိုရောင် တံခါးချပ် ဆီကို ကိုယ့်မျက်ဝန်းတွေ ရွက်လွှင့်ထားတတ်တဲ့ အကျင့်ဆိုးတစ်ခုကိုလည်း ကိုယ်ရရှိလိုက်တယ်။ ကိုယ်မျှော်လင့်တဲ့ အတိုင်း မင်းက ထူးချွန် ပြောင်မြောက်စွာ ဖြေဆို နိုင်ခဲ့တယ်။ မင်းရဲ့အောင်စာရင်း ထွက်တဲ့နေ့က မင်း ကိုယ့်အခန်းတံခါးကို အရှိန်ပြင်းပြင်း ခေါက်ခဲ့တယ်။

“မ ကျွန်တော် ခွဲစိတ်ကုပညာနဲ့ သားဖွား မီးယပ်ပညာ ဂုဏ်ထူးနှစ်ခု တောင်ပါတယ်။ အားလုံးထဲမှာ ဂုဏ်ထူး အများဆုံးက ကျွန်တော်ပဲ”

သူရိန် မင်းက မင်းရဲ့အမျိုးသမီး တစ်ယောက်ကိုတောင် ကျွန်တော်ဆိုတဲ့ ခပ်စိမ်းစိမ်း စကားလုံးတွေနဲ့ နှိပ်စက်ကလူ ပြုနေတုန်းလား။ မင်းရဲ့ ၀မ်းသာ အယ်လဲ ဖွင့်ဟလိုက်တဲ့ပျော်ရွှင်မှုတွေထဲ ကိုယ့်နှလုံးသား တစ်ခု အရည်ပျော် ကျဆုံးသွားတယ်။
“၀မ်းသာပါတယ် သူရိန်၊ ကိုယ့်ကို ဘယ်မှာ လိုက်ကျွေးမလဲ”

“လာ၊ သည်နေ့ပဲ သွားမယ်”

“ဘယ်ကိုလဲ”

Coffee Circles

“ဟာ မိုက်တယ်၊ ဖြစ်ပါ့မလား ဈေးကြီး တယ်နော်”

ကိုယ် အားနာမိနေတုန်းမှာပဲ မင်းကလက်ထဲမှာ ၀ှက်ထားတဲ့ အ၀ါရောင်နှင်းဆီတွေကို ကိုယ့် ဆီကမ်းပေးရင်း ကိုယ်ဝတ်နေကျ အနွေးထည် လေးကို ခြုံပေးလိုက်တယ်။
ကိုယ့်ရင်တွေ သိမ့်ခနဲ တုန်သွားတယ်။

'Thank You'
ကိုယ့်ရဲ့ ဆလွန်းကားလေး Coffee Circles ရှေ့ရပ်လိုက်တယ် ဆိုရင်ပဲ
“မ မနက်ဖြန်ညနေ ဒီအချိန် ကျွန်တော် လာမယ်နော်”

“ဘာလို့လဲ”

“အင်း မနက်ဖြန် သိရမှာပေါ့”

မင်းနှုတ်ခမ်းတွေ သိပ်သေသပ်လွန်းနေလို့ ကိုယ် အနည်းငယ် တုန်လှုပ် သွားခဲ့ရတယ်။

“ကိုယ် ထိခိုက်မှာကိုတော့ မင်းမလုပ်ဘူး မဟုတ်လား”
မင်း ကိုယ့်မေးခွန်းကို မကြားချင်ယောင် ဆောင်နေခဲ့တယ်။ သူရိန်၊ ဆရာ အောင်ထွန်းသက်က ယုံကြည်မှုကို တည်ဆောက်ခြင်း ဆိုပြီး ဟောပြော ပေးခဲ့သလောက် မင်းက ယုံကြည်မှုကို ဖြိုခွင်းခြင်းဆိုတဲ့ ကျမ်းတစ်စောင်နဲ့ ကိုယ့်ကို အလဲထိုး မသွားလောက်ပါဘူးနော်။

၇။
မင်းရောက်လာပြီ။ ကိုယ်တိုင်ကပ်နာရီ အိုကြီးဆီဘဲ မျက်နှာလွှဲထားခဲ့တယ်။ စေ့ထား တဲ့ တံခါးကို မင်းတွန်းဖွင့် ၀င်လာတုန်း ကိုယ့်ရင်ခုန်သံ ကိုယ်ပြန်ကြား နေရတယ်လေ။ မင်း ကိုယ့်ဘေးမှာ ၀င်ထိုင်လိုက်တယ်။ ကိုယ်မင်းကို မကြည့်ဖြစ်ပေမယ့် ကိုယ့်သတ္တမ အာရုံက တစ်စုံတစ်ခုကို အလိုလို စိုးရိမ်နေတယ်။

“မ”

“အို မင်း ဒါဘာလုပ်တာလဲ”

မင်း ကိုယ့်ရှေ့မှာ ထိုင်ကန်တော့ နေတာ ကိုယ် အလန့်တကြား လက်ခံလိုက်ရတယ်လေ။
“ကျွန်တော်လေ၊ မရယ်၊ ကျွန်တော် အတ္တကြီး သွားခဲ့ရင် ခွင့်လွှတ်ပါ။ ဘာပဲပြောပြော သြစတြေးလျ သွားဖို့ အခွင့်အရေးကိုတော့ ကျွန်တော် မက်တယ် အစ်မ။ ဒါကြောင့် ကျွန်တော့် မေမေရဲ့ သူငယ်ချင်း ဒေါက်တာ နွယ်နီရဲ့သမီးနဲ့ ကျွန်တော်”

ကိုယ် ဒေါက်တာနွယ်နီဆိုတဲ့ နာမည် တစ်ခုကို တုန်လှုပ်စွာ ကြားခဲ့လိုက်ရတယ်။
“သူ့သမီးဟာ သြစတြေးလျမှာ ဒီဇိုင်နာ တစ်ယောက် ဖြစ်နေပြီ။ နာမည်ကြီး မြန်မာ ဒီဇိုင်နာပေါ့“

သိတယ်။ မင်းမပြောနဲ့ သူရိန်။ မင်းဟာ အမှန်တကယ် ယုံကြည်မှုကို ဖြိုခွင်းတတ်တဲ့ ယောက်ျားဘဲ။
မင်းယူသွားတဲ့ ကိုယ့်ဘ၀ကို ပြန်ပေးပါ။ လက်ဆယ်ဖြာ ထိပ်မှာမိုးပြီး ကိုယ့်ကို ရှိခိုး လိုက်တာနဲ့တင် ကိုယ့်ရဲ့ သန့်စင်ခြင်းကို ပြန်ရနိုင်ပါ ဦးမလား။
သိပ်သိတာပေါ့။ သီတာသော်ဟာ ကိုယ့်ရဲ့ ဖအေတူ၊ မအေကွဲ ညီအစ်မလေ။ ဒါပေမယ့် ကိုယ်မင်းကို ဘယ်တော့မှ ပြောပြဖြစ်မှာ မဟုတ်ဘူး။ မင်းမှာ နှလုံးသားရှိခဲ့ ရင်တောင် ရင်ခုန်သံကို မင်းအတ္တတွေလောက် တန်ဖိုးထားတတ်မှာ မဟုတ်ဘူး။

မင်းနဲ့ ကိုယ်နဲ့ကြားမှာ ဘာကြိုးမှ ချည်နှောင် မထားခဲ့ဘူး သူရိန်။ ကိုယ်က ဖြားယောင်း တတ်တဲ့ အ၀ါရောင် နှင်းဆီတွေကို သိပ်နောင် ကြဉ်သွားပြီ။ ဟော ကိုယ့်မျက်နှာကို ဖတ်ရှုတတ်တဲ့ မင်း၊ အခန်းငယ်ထဲမှာ ကိုယ်တုန်လှုပ် နေခဲ့တာကို ရင်မဆိုင်နိုင်ခဲ့ဘူး။ အပြစ် တစ်ခုကို ကျူးလွန်တတ်တဲ့ ယောက်ျား တစ်ယောက်ဟာ ကောင်းကင် ဖြစ်မယ်ဆိုရင် ကိုယ်ဟာ အဲဒီ ကောင်းကင်ထဲက တစ်ခြမ်းပဲ့ လတစ်စင်း ဖြစ်တယ်။
မင်း ကိုယ့်အနားက ထွက်သွားတယ်။ နောက်ပြီး တိုးညင်းတဲ့ တံခါးဖွင့်သံ။

“သူရိန်”

မင်း ကိုယ့်ရဲ့ အရှုံးတွေကြီး စိုးနေတဲ့ မျက်နှာကို မြင်ခွင့်ရမှာပေါ့။ ကိုယ်မင်းကို အားယူ ပြုံးပြမိတယ်။ ကိုယ့်ရဲ့ တရားမ၀င် ယောက်ျား ကို ပြုံးပြ နေသလို မဟုတ်ဘဲ သူစိမ်းယောက်ျား တစ်ဦးကို ပြုံးပြ နေသလိုမျိုးပေါ့။
“ကိုယ် မင်းကို ချစ်ခဲ့တယ် သူရိန်”

မင်း ကိုယ့်ဆီ ပြေးလာတယ်။ နောက်ပြီး ဖက်ထားခဲ့တယ်။ မင်းထက် ဆယ်စုနှစ် တစ်ခုစာကြီးတဲ့ မိန်းမ တစ်ယောက်ကို မင်းနှစ်သိမ့်ပေးနေခဲ့တယ်။
“ကျွန်တော် သိပါတယ် မရယ်” ကိုယ် မျက်ရည် သုတ်လိုက်တုန်း ပါဝါ အတော်ထူတဲ့ မျက်မှန်လေး ပြုတ်ကျသွားခဲ့တယ်။ ဒါပေမယ့် ပြန်ကောက်ဖို့လည်း ကိုယ် သတိမရခဲ့ဘူး။

၈။
အဖြူရောင် ဆလွန်းကားလေး တစ်စင်းဟာ အရှုံးတွေ လွန်းထိုးနေတဲ့ ညမှာ ဦးတည်ရာမဲ့ လျှောက်မောင်း နေခဲ့တယ်။
“ကိုယ်က အသည်းမရှိဘူးကွ၊ အသည်းကွဲတယ်ဆိုတဲ့ ပျော့ညံ့တဲ့ မိန်းမတွေရဲ့အလုပ်”

အဲဒီ စကားကြောင့် လမ်းဘေးကို ငေးကြည့်မိလိုက်ရင်ပဲ အမျိုးသမီး ငယ်လေး တစ်ယောက်က အမျိုးသားငယ်လေး တစ်ယောက်ကို ခပ်မာမာလေး ကျူးရင့်နေတာ တွေ့လိုက်ရတယ်။ ည ခုနစ်နာရီ ဆိုပေမယ့် လမ်းမီးတွေကြောင့် အမျိုးသားငယ်ရဲ့ ပြောင်းလဲ သွားတဲ့ မျက်နှာကို ကိုယ်အထိတ်တလန့် ရှာဖွေမိသွားတယ်။

ကိုယ်လေ ခုမှ ယောက်ျားမာန တချို့ ဖြတ်ပြေးသွားတဲ့ အန္တရာယ် အငွေ့ အသက်တွေကို အရှောင်အတိမ်း ကောင်းခဲ့တယ်။
အဲဒီ အမျိုးသမီးငယ်လေး အတွက် ကိုယ်စိုးရိမ်သွားတယ် ဆိုရင် ကိုယ့် အလွန် မဟုတ်လောက်ပါဘူး သူရိန်။
ခဏနေတော့ ညာဘက် လမ်းကလေးထဲ ချိုးကွေ့လိုက်တယ် ဆိုရင်ပဲ။

“ခင်ဗျား မျက်စိ ကန်းနေသလား။ သည်မှာ လူတစ်ယောက်လုံးကို မမြင်ဘူးလား၊ သြော် လက်စသတ်တော့ ခင်ဗျားက လေးလုံးမကြီးပဲ”

အတွေးတွေ ကြီးစိုးနေတဲ့ ကိုယ် လူတစ်ယောက်ကို အောင်းမိသွားတယ်လေ။ သြစတြေးလျက မင်းကို ကိုယ်အရမ်းသတိရသွားခဲ့တယ်။ ကိုယ် အလျင်အမြန်ပဲ ဖွင့်ထားတဲ့ ပြတင်းမှန်ကို ပြန်ပိတ်၊ ချက်ချ၊ နောက်ပြီး ကိုယ့် ညာဘက်ခြေထောက်က လီဗာကို တအား နင်းပစ်လိုက်ရတယ်။
ရုတ်တရက် ဆောင့်ခါသွားတဲ့ ကားလေးကြောင့် စတီယာရင်လေး လည်ထွက် သွားတာကို မနည်း ထိန်းလိုက်ရတယ်။

မှန်အလုံပိတ်ထားတဲ့ ကြားက အဲဒီ ယောက်ျားရဲ့ ဆဲဆိုသံကို ကြားဖြစ် အောင်ကြားလိုက်သေးတယ်။ ကိုယ် နောက်ထပ် ဖြားယောင်းမှုအတွက် ခံနိုင်ရည် မရှိတော့ဘူးလေ။ ကိုယ့်လည်မျိုတွေဆီ ဆို့နင့်ခြင်းတွေ စိုက်ဝင် နေတုန်းမှာ ကိုယ် တစ်စုံတစ်ခုကို သတိရသွားခဲ့တယ်။
“လူ့ဘ၀ဟာ ရေပွက်ပမာ
တစ်ချက်ကလေး မှားရုံနဲ့ ချောက်ထဲကျ
တလိမ့် တလိမ့် တလိမ့် တလိမ့် ချောက်ထဲကျ“
ချောက်ထဲကနေပဲ ကိုယ်နဲ့ နှောင်ငင်ခဲ့ဖူးတဲ့ ကောင်းကင် တစ်ခုကို တဒင်္ဂ တိုက်ဆိုင်မှုတွေကြောင့် သတိရမိ သွားတယ်လို့ပြောရင် ကိုယ် မလွန်လောက်ဘူး ထင်ပါရဲ့နော်။

ကက်ပရီကွန်သို့
Written by လင်းစက်နွယ်
Friday, 01 January 2010 06:24

မိုးတွေ အငြိုးတကြီး သွန်းဖြိုးခဲ့သည့် လမှာ သူမကို မွေးဖွားခဲ့သည်။ မိုးစက်၊ မိုးပေါက်တို့၏ ရိုက်ခတ်သံက မြေပြင်ကိုလား၊ သစ်ရွက်ကိုလား ဆိုတာကိုတော့ မည်သူမှ ဝေခွဲ မရနိုင်ခဲ့သည့် အချိန်ဖြစ်သည်။ မနက် နှစ်နာရီသည် နီရဲနေသော ကောင်းကင်ကို လျှပ်စစ် မီးများဖြင့် တန်ဆာ ဆင်စေခဲ့သည်။ တ၀ုန်းဝုန်း ပစ်ချနေသည့် မိုးကြိုးများတွင် အလင်းရောင် တစ်စွန်းတစ်စ ယှက်နွယ် သန်းသွားလေသည်။

သြဂုတ်လ၏ ထစ်ချုန်းနေသော မိုးရေကြားမှ အသံသည် ဆေးရုံကြီး၊ ထိုမှ တစ်ဆင့် ရန်ကုန် မြို့၊ ထိုမှတစ်ဆင့် ကောင်းကင်ဆီ ငုပ်လျှိုး ကွယ်ပျောက် သွားခဲ့သည်။
“အူဝဲ”

အမိဝမ်းမှ လတ်လတ်ဆတ်ဆတ် ကျွတ်လာသော နီတာရဲကလေးကို ကလေး ဆရာဝန်မကြီး က တယုတယ စစ်ဆေးနေသည်။ မီးတွင်းထဲမှ မိခင်ကို အားရစေခဲ့သော နောက်ထပ် အသံ တစ်ခု။
“ဟယ် သမီးလေးတော့”

မိခင်၏အမောသည် မျှော်မှန်းထားသည့် ရလဒ်ပုံစံခွက်ထဲ ၀င်သွားသော ခမ်းနားသည့် အမောဖြစ်သွားခဲ့သည်။
“၁၉၈၉ ခု၊ သြဂုတ်လ (__)ရက်၊ မနက် နှစ်နာရီတစ်ဆယ့်ငါး၊ ဟာ...ဒါဆို VIRGO လေးပဲ”
ဒပ်ဖရင် ဆေးရုံကြီး၏ မွေးခန်း တစ်ခု အတွင်း အိုဂျီ၏ ၀မ်းသာအယ်လဲ ရေရွတ်သံက ပတ်ဝန်းကျင်ကို ခြုံလွှမ်းသွားသည်။ ဗုဒ္ဓဟူးနံ ဖြစ်သောသူမကို ကံကြမ္မာက ကင်ပွန်း တပ်ခဲ့ သည်။ သူမ အမည် “လင်းစက်နွယ်” ဟုခေါ် သည်။

၂။
“တွေ့ရတာ ၀မ်းသာပါတယ် လင်းစက်၊ တို့က ရန်ဇော်”
“ရန်ဇော်”ဟူသော ဆယ့်တစ်နှစ် အရွယ် ကောင်လေးကို သူမ စူးစိုက်၍ ကြည့်နေသည်။ အသားလတ်၍ သန့်ပြန့်သော အသွင်ရှိသည့် သူက သူမအား ခြေဆုံးခေါင်းဆုံးပြန်၍ အကဲခတ် သည်။ မျက်လုံးချင်း ဆုံသွားသောအခါမှ နှစ်ဦး လုံး၏ အကဲခတ်ခြင်းကို ရပ်တန့်လိုက်ရတော့ သည်။
“မင်းက တို့တီတီစီကို ငါးတန်းကမှ ပြောင်းလာတာ မဟုတ်လား”
သူက ပထ၀ီဆရာမ ၀င်မလာမီစပ်ကြား မေးလိုက်ခြင်း ဖြစ်သည်။

“ဟုတ်တယ်၊ လင်းကတော့ လှိုင်တက္ကသိုလ်မှာ တီတီစီ ကျောင်းသူ ဘ၀ ဖြစ်ခွင့်ရတာ သဘော ကျတယ်”

ထိုစဉ်က ဆဋ္ဌမတန်း နှစ်မှစ၍ အဋ္ဌမတန်း ထိ လှိုင်နယ်မြေ၌ ပြောင်းရွေ့သင်ကြားခဲ့ရသော ကာလဖြစ်သည်။ ရန်ဇော်က နှုတ်ခမ်းလေး တစ်ဖက်ကို တစ်ခြမ်းဖဲ့ ခြွေပစ်လိုက်သည်။ သူ တစ်ပါးအား သံသယ မျက်လုံးဖြင့် အမြဲတစေ စောင့်ကြပ်ခဲ့သော သူမက မြင်ဖြစ်အောင် မြင်သွားခဲ့သည်။
“လင်းဆိုတော့ ဗုဒ္ဓဟူးနံပေါ့။ တို့လည်း ဗုဒ္ဓဟူးနံ။ မင်းနဲ့ မတူချင်လှပေမယ့် သည်တစ်ခု တူသွားတာကိုတော့ ကံကြမ္မာက ဖယ်ရှားပေးနိုင်မယ် မထင်ဘူး...”

“ဒါနဲ့မင်း အရင်လက အဆင့်တစ် ရတယ်နော်။ ထားပါ။ တို့က မင်းအရင်က တစ်ရတာ၊ မရတာကို စိတ်မ၀င်စားပါဘူး။ မင်းသိပ္ပံ အမှတ် ပြည့်တာကိုပဲ စိတ်ဝင်စားတာ”

“ဘယ်လို”

“ဟုတ်တယ်၊ မင်းအဖြေလွှာထဲမှာ အမှား တစ်ခု ရှိနေတာ မင်းမသိသလို ဆရာမလည်း မတွေ့သွားခဲ့ဘူး။ အဲဒီတော့ မင်း ၁၀၀ ရနေချိန် မှာ ငါ ၉၈ ပဲရတာ။ မဆန်းပါဘူး လင်းစက်ရာ။

ကြီးမားသော ဟားတိုက်သံက သူမနှင့် ထိခတ်ပြီးနောက် စိန်ခေါ်မှု အဖြစ် အသွင်ပြောင်း သွားသည်။ စိတ်ဆန္ဒ၏ စေခိုင်းမှုနောက် ဘယ်သောအခါမှ လိုက်မည်မဟုတ်သော သူမက သူမ၏စိတ်ကို ပြန်လည်ခိုင်းစေခဲ့သည်။ ရုတ်တရက် လှစ်ခနဲ ပျောက်သွားသော ကောင်မလေး အား သူက အံ့သြတကြီး ငေးစိုက်ကြည့်နေခဲ့ သည်။

“ဒီမှာ ရန်ဇော်၊ ဆရာမကို ငါ့အမှားမြင် သွားအောင် ငါလုပ်ပေးလိုက်တယ်။ ဟောဒီမှာ ၉၈၊ ဘယ်လိုလဲ၊ ကျေနပ်တယ် မဟုတ်လား”

“ဘယ်တော့မှ မကျေနပ်ဘူး။ နောက်ပြီး လင်းစက်၊ မင်းမလာခင်က သည်အခန်းရဲ့ ဘုရင်ဟာ တို့ပဲ။ တစ်လလောက် အဆင့်သာ သွားတာဟာ ကံကြမ္မာ တိမ်းစောင်းလို့ လှည်းမှောက်တယ် သဘောထား ပစ်စရာပါ။ တို့က ဘယ်သူ့ကိုမှ အနိုင်မပေးတတ်ဘူးလေ”

အခန်းထဲ ပထ၀ီ ဆရာမ ၀င်လာသည့် အတွက် သူမ မတ်တတ်ရပ်လိုက်ရသည်။
“ကျန်းမာရွှင်လန်းပါစေ ဆရာမ”

၃။
သူ့နာမည်က “ရန်ဇော်”။ တစ်ဦးတည်းသော သားဖြစ်သည့် အပြင် အရာရာ ပြည့်စုံသောကြောင့် အမြင်ကတ်သူများက “ရန်လုံ”ဟု ခေါ် သည်။ အေးစက်ချမ်း စိမ့်သော ဒီဇင်ဘာမှ နှင်းစက်နှင်းပွင့်တွေနှင့်အတူ သူ့ကို မွေးဖွားခဲ့သည်။ တောင်ကြီးမြို့၏ အအေးဓာတ်သည် မိခင်နှင့် ဆက်သွယ်ထားသောကြိုးကို ဖြတ် တောက်စဉ်ကလို အေးစိမ့်နေခဲ့သည်။

“ဒုက္ခပဲ။ ကျွန်မက သမီးလိုချင်တာ၊ ခုတော့...”

ပျော်ရွှင်ရမည့်အစား ၀မ်းနည်းသံစွက်လာသော သူမ၏ မိခင်အား ဖခင်မှ စိမ်းကားစွာ ကြည့် ခဲ့သည်။ ထို့ကြောင့် “ရန်ဇော်”သည် မိဘများ၏ “အလွဲ” ပုံစံခွက်ထဲမှ မွေးဖွားခြင်း ခံရသူ ဖြစ်သည်။ မွေးပြီး တစ်နှစ်အကြာ စီးပွားရေးရာ လိုအပ်ချက်များ အရ ရန်ကုန်သို့ အခြေချသည်။ ဒီဇင်ဘာလတွင် မွေးဖွားခဲ့သော သူ့အား ဖခင်မှ 'CAPRICORN' ဟု ခေါ်သည်။

သူ့ကိုမွေးသောနေ့သည် မိဘနှစ်ပါး၏ ခေါင်းချင်းဆိုင် ရန်ပွဲအား ဖန်တီး စေခဲ့သောနေ့ ဖြစ်သည်။ သူ့အား အလိုမရှိခဲ့သောမိခင်က ခမ်းနားစွာ သမုတ်လိုက်သည်မှာ....
“မင်းဟာ လာခြင်း မကောင်းတဲ့ သား”

အငြိုးကြီးသော သူက ဘ၀၏ အမာရွတ် ထင်စေသော ရိုက်နှက်မှုကို သေရာပါ မှတ်စွဲ ထားခဲ့သည်။ သူ ခြောက်နှစ်သား အရွယ်တွင် ပထမဆုံး ဖွင့်ဟခဲ့သော စကားမှာ...
“ကျွန်တော်က ကံကြမ္မာ ရှိတဲ့ ကမ္ဘာကို လာတာ မဟုတ်ဘူး။ ကံကြမ္မာကသာ ကျွန်တော် ရှိတဲ့ ကမ္ဘာကို လာခဲ့တာ”

ဘ၀အား အရာရာကို ဒဏ်ရာဖြင့် ချိန်ထိုး တတ်သော ကလေးငယ် တစ်ဦး၏ စကားကြောင့် သူ့မိခင်က မှားယွင်းစွာ ပြင်ဆင်ရန် ကြိုးစားသည်။ သို့သော် အချိန် မလုံလောက်သေးခင်မှာပင် ရန်ဇော်က အငြိုးကြီးသော ကောင်လေး ဖြစ်သွားခဲ့သည်။ သူ၏ ပခုံးစောင်းသည် လောကကြီးကို စိန်ခေါ်ကာ တိုက်ခိုက် ပစ်နိုင်ခဲ့သည်။

၎။
“ဘယ်လို...နင့်ကို ငါက ကက်ပရီကွန်လို့ ခေါ်ရမယ်၊ ဟုတ်လား”

သူမက အလန့်တကြား ရေရွတ်လိုက်တော့ သူ့နှုတ်ခမ်းတစ်ဖက် ကော့ညွတ်သွားတာနှင့် တိုက်ဆိုင်သွားခဲ့သည်။
“အေးလေ၊ ကိုယ်လည်း မင်းကို ဗားဂိုးလို့ ခေါ်မယ်၊ ဒါနဲ့ ဆရာမ ဒေါ်ဝါ၀ါသိန်းက ဆရာများ နားနေခန်းမှာ မင်းအကြောင်း ပြောနေ ခဲ့တယ်။ အ၀ါအသင်း ခေါင်းဆောင်ကို အပြစ်ပေး မလို့တဲ့”

“ဖွတ် အဓိပ္ပာယ်မရှိတာ။ ဘာဆိုင်လို့လဲ”

သူမက လေသံကို နှိမ့်ကာ ပြောလိုက်ချိန်တွင် သူ့မျက်လုံးများက ဘုရားစင်ပေါ် ရောက်သွားခဲ့သည်။
“အ၀ါအသင်း ခေါင်းဆောင် မိန်းကလေးက ဘုရား ဝေယျာဝစ္စတွေ မလုပ်ခဲ့လို့ အ၀ါ အသင်း တစ်သင်းလုံးကို အမှတ် လျှော့ပစ်မတဲ့”

“မနက်ဖြန် စာမေးပွဲလေ။ ငါတို့အသင်းက ပန်းဝယ်နေကျ တစ်ယောက်က သည်နေ့မှ ကျောင်းမလာဘဲ...။ ပန်းမရှိတာ ငါက ဘာ တတ်နိုင်မလဲ”

“ဟားဟား...ဒါပေါ့။ မင်းဟာ ဘယ် တော့မှ Leader ကောင်း တစ်ယောက် ဖြစ်မလာ နိုင်ဘူးလို့ ငါ ကောက်ချက် ဆွဲပစ်လိုက်ရပြီ”

သူမက စူးစိုက်စွာကြည့်လိုက်စဉ် သူက ကိုယ်ကိုယို့သွားချိန်နှင့် တိုက်ဆိုင်သွားခဲ့သည်။ ထို့ကြောင့် သူမ၏ မျက်စောင်းချိတ်သွားသည့် သူမှာ ဆရာမ ဒေါ်ဝါ၀ါသိန်း ဖြစ်သွားသည်။

“ကိုယ်က စာတော်တယ်ဆိုပြီး မာန်တက်နေလို့ မရဘူး။ အသင်း ခေါင်းဆောင်ဆိုတာ ကိုယ့်လက်အောက်ငယ်သားတွေရဲ့ အခြေအနေကို အမြဲ စောင့်ကြပ် ကြည့်ရှုနေရမယ်။ ဆိုပါစို့လေ။ ဆေးရုံ တစ်ရုံမှာ သည်လူနာကို ကုလက်စ ဆရာဝန်မရှိ လို့ လက်ပိုက်ကြည့်နေမလား။ တခြား ဆရာဝန်က ပထမ ဆရာဝန် ကိုယ်စား တတ်စွမ်းသရွေ့ ကယ်တင်မလား။ သဘောပေါက်ဖို့ပဲ လိုတယ်”

ဆရာမ၏ ပညာသားပါပါ ရိုက်နှက်ချက် အောက်တွင် အလိုက်ကန်းဆိုး မသိစွာ လှောင်နေ ခဲ့သူမှာ “ရန်ဇော်”တစ်ဦးတည်းသာ ရှိသည်။ ဗလာကျင်းထားသော ဘုရားစင်လေးက သူမကို အကြီးအကျယ် ပြက်ရယ်ပြုနေသည်။ အံကြိတ် ထားသော သူမသည် ထိုနေ့မှစ၍ မခံချင်စိတ် ကြီးလွန်းသူ အဖြစ် ကိုယ့်ကိုယ်ကို ထုဆစ်ပုံ လောင်းခဲ့လေသည်။

“ဗားဂိုး၊ သိပ်ရှက်သွားလား”
ထိုအသံကြောင့် တင်းထားသော အံများ ယောင်ယမ်းစွာ ပြေလျော့ပြုတ်ထွက် ကုန်သည်။ သို့သော် နောက်ထပ်တစ်ခါ အံကြိတ်ပစ်ရန် သူမ ဘယ်တော့မှ မကြိုးစားတော့ပေ။

၅။
ကျုံးကြီး ကြက်တောင်ကွင်းမှာ ထိုနေ့က သူမကို တွေ့လိုက်သည်။ ခရမ်းနုရောင် အားကစား ၀တ်စုံနှင့် သေသပ်လှပသော သူမအား သူ အတန်ကြာအောင် ငေးမောဖြစ်သွားလေ သည်။
“ဘယ်လိုလဲ ဗားဂိုး၊ ကျောင်းရဲ့ပီတီချိန်မှာ မကစားဘဲ ကြက်တောင်ကိုမှ ၀ါသနာကြီးပြီး သင်တန်းတွေ တက်ရတဲ့ အထိလား”

“ဒါပေါ့ ကက်ပရီကွန်ရယ်၊ ငါ့ရဲ့ ဆဋ္ဌမတန်းရလဒ်ကို နွေရာသီ ကျောင်းပိတ်ရက်မှာ အကျိုးရှိစွာ မျှော်လင့်နေဖို့က အခရာ ကျတယ် မထင်ဘူးလား”

“အင်း မင်း ဒုတိယဆုရတယ် ဆိုတာကိုလား”

သူမက ဒေါသတကြီး ရက်ကတ်လေးကို ပစ်ချလိုက်၏။ တစ်ဖက်မှ ရိုက်လိုက်သော ကြက်တောင်ကလေးက သည်မှာဘက်၌ ရိုက် မည့်သူ မရှိသောကြောင့် ဒေါက်ခနဲ ကျသွား သည်။ သူမ၏ ခြေရင်းနား ကျသွားသော ကြက်တောင်ကလေးကို ကင်းပတ်ဖိနပ်ကလေးက အလိုအလျောက် နင်းခြေပစ်လိုက်လေသည်။
“ဟေ့ လင်းစက် ကြက်တောင်က နင့်ခြေ ထောက်အောက်...”

တစ်ဖက်မှ သူငယ်ချင်း၏ သတိပေးသံက နောက်ကျသွားခဲ့သည်။
“ငါ ဒုတိယ ရတယ်ဆိုရင် နင့်ရှေ့ငါ ဒူးထောက်မယ်။ ဘယ်လိုလဲ ကက်ပရီကွန်”

“ကြမ်းကျွံတာလောက်က နုတ်ခွင့် ရှိသေးတယ်နော်။ စဉ်းစားဦး ဗားဂိုးရယ်”

သူမထံမှ အဖြေပြန်မရသောကြောင့် သူက အရှက်ပြေ ရက်ကတ်လေးကို ကောက်လိုက်သည်။ ပိပြားနေသော ကြက်တောင်ကလေး သည် ကြွက်သားတစ်စုံ၏ ရိုက်နှက်အားကြောင့် လေထဲတွင် လိမ့်ကာလိမ့်ကာနှင့် ပျံဝဲသွားခဲ့ သည်။ သူက ကြက်တောင်လေးပြုတ်ကျသည့် နေရာကို တစိုက်မတ်မတ် ကြည့်နေခဲ့သည်။
“လာမယ့်လ ကြက်တောင်ပြိုင်ပွဲမှာ မင်းနဲ့ ငါ ထိပ်တိုက်တွေ့လိမ့်မယ် ထင်တယ်။ ဆရာက လက်ရည်တူတဲ့ လူတွေကို Single ပြိုင်ခိုင်း လိမ့်မယ်”

“အေး ငါကတော့နင့်ကို Double ချင်း ယှဉ်ပြိုင်ခွင့် ရချင်တယ်”

“ချဲလန့်ခ်ျနော် ဗားဂိုး”
သူမ၏ အဖြေ ပြန်ရနိုးနိုး တစ်ချိန်လုံး စိတ်ရှည်စွာ စောင့်နေခဲ့သည်မှာ သူမ ပြန်သွားသည် အထိပဲ ဖြစ်၏။

၆။
“လင်းစက် နင်သူ့ကို နိုင်ပါ့မလား။ သူက ယောက်ျားလေး၊ နောက်ပြီး တကယ်ပဲ နင်တို့ နှစ်ယောက်ကိုမှ ဆရာက ထိပ်တိုက်တွေ့စေတယ် နော်”

သူမ၏နားထဲ ထိုစကားသံက သံရည်ပူ လောင်းချလိုက်သလို ၀င်သွားလေသည်။
“ထိပ်တိုက်တွေ့တော့ ကိုက်ရုံပဲပေါ့။ ဇင်မာရာ”

“အာ နင်တို့က ခွေးမှ မဟုတ်ဘဲ”

“ဇင်မာ၊ သူက “ရန်လုံ”ဆိုတာ နင်မေ့မသွား နဲ့လေ...”

ထိုအခိုက် သူက သူမ နောက်ကျောနားမှာ ရှိနေခဲ့လေသည်။ “ကက်ပရီကွန်”ဟု သူမက အလန့်တကြား ရေရွတ်လိုက်ပေမယ့် သူက ပြုံးလို့ နေခဲ့သည်။ ထိုအပြုံးကို သူမ အဓိပ္ပာယ် ဖော်နေသည့် မိနစ်သုံးဆယ်အတွင်း ပြိုင်ပွဲစတင်ခဲ့ သည်။

သူမတို့ နှစ်ယောက်၏ လက်ရည်ကို သိနှင့် ပြီးသော သင်တန်းသားများက စူးစိုက်၍ အားပေး နေချိန်ဖြစ်သည်။ွောန ဏသငညအ ကို ရောက်နေခဲ့ သော သူ့ကို အမီလိုက်ရန် နှစ်မှတ်သာ အားစိုက်ရမည် ဖြစ်သည်။
“နင့်အမေက လာအားမပေးတတ်ဘူး ထင်တယ် ကက်ပရီကွန်”

သူငိုက်ကျ သွားချိန်တွင် သူမ၏ လှပသော ဆာဗင်လေးက တစ်ဖက်စည်းထဲ လှပစွာ ၀င်သွားခဲ့သည်။ ကက်ပရီကွန်၏ အားနည်းချက်မှာ “အမေ”ဟူသော စကားလုံး တစ်ခုဖြစ်ကြောင်း မကြာသေးမီကပဲ သူမ သိရှိ ထားခဲ့သည်။ ဆာဗင်ကိုပင် ငိုင်၍ ပြန်လည် မချေပနိုင်ခဲ့သော သူက သူ့လက်သူ ထိတ်လန့်စွာ ငုံ့ကြည့်နေခဲ့သည်။

ထို့နောက် အများ မမျှော်လင့်သော အရာ တစ်ခု ရုတ်ခြည်းဖြစ်ပွားခဲ့လေသည်။
“ဂိမ်းပါပြီ ခင်ဗျာ၊ ကျွန်တော်သူ့ကို အနိုင် ပေးလိုက်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့သည် အနိုင်မရရင် ကျွန်တော့်ရှေ့ သူ ဒူးလာထောက် ရမှာမို့ပါ”

ရက်ကတ်ကလေးကို အိတ်ထဲ တရိုတသေ ထည့်နေရင်း နောက်လှည့် ပြောလိုက်သော သူ့ စကားကြောင့် ဆူညံသံများ ရပ်စဲသွားသည်။ သူမ၏ တောက်ခေါက်သံသည် အပြင်ဘက်၌ သူ ကားတံခါး ဆောင့်ပိတ်သံနှင့် တစ်ထပ်တည်း ကျသွားခဲ့သည်။
“ဘယ်သူ နိုင်သလဲဟေ့” ဟူသော ဆရာ၏ တန်ပြန် မေးလိုက်သံက ရုံကြီး တစ်ရုံလုံးထိ ဟိန်း ထွက်သွားခဲ့လေသည်။

၇။
“ကွန်ဂရက်ကျူလေးရှင်း လင်းစက်၊ မင်း ဒုတိယရတယ်”

ထိုနေ့သည် သူမ ဘ၀၏ အရှုံးကို ယောက်ျား တစ်ယောက်ရှေ့ ခမ်းနားစွာ ထုဆစ်ခဲ့ရသောနေ့ ဖြစ်၏။
“ပထမက ငါလားလို့ မင်းမမေးတော့ဘူး ဆိုတာ ငါသိနေတယ်။ ဒီတော့ ကတိအတိုင်း”

သူမက ထိတ်လန့် တုန်လှုပ်စွာ ထိုနေရာတွင်သာ ရပ်နေခဲ့သည်။ မိုးတွေ သည်းနေခဲ့သောကြောင့် မှောင်မိုက်နေသော ၀န်းကျင်သည် သူမ၏ ထိတ်လန့်မှုကို ဖုံးကွယ် ပေးထားခဲ့သည်။ ထိုနေ့မှ စ၍ အမှောင်ကို သူမ ပထမဆုံး အကြိမ်အဖြစ် ကျေးဇူးတင်မိသွားသည်။
“ဘယ်လိုလဲ ဗားဂိုး၊ ဒူးမထောက်သေးဘူး လား”

သူက သားကောင်ကို အလွတ်မပေးသော မုဆိုး မျက်လုံးမျိုးဖြင့် ကြည့်နေခဲ့သည်။ ရုတ်ခြည်း ပြောင်းလဲသွားသော အခြေအနေ တစ်ခုကို သူအံ့အားသင့်စွာ လက်ခံလိုက်ရသည်။ သူမ သူ့ရှေ့တွင် ဒူးထောက်ပြခဲ့သည်။ ကတိ တစ်ခုကို လွယ်ကူစွာ အပျက် မခံလိုသော သူမ၏ ဒူးတွေ ခွေညွတ်သွားသည်ကိုပင် သူ တန်ပြန်တလဲလဲ မြင်ယောင် မိပြန်သည်။ ဒူးနှစ်ဖက်လုံး ကြမ်းပေါ် ကျသွားခဲ့ချိန်သည် ရန်ဇော်၏ စိတ်က သူ့ကိုယ်သူ မေးခွန်း ထုတ်လိုက်သော အချိန်ဖြစ်သွားသည်။

သူက ဆွဲထူဖို့ ကြိုးစားစဉ်မှာပင် သူမက ထရပ်ဖြစ်ခဲ့သောကြောင့် သူ့လက်တွေ အနည်းငယ် ကြောင်အမ်း သွားခဲ့ရသည်။
“ရန်ဇော် ဒဿမတန်းမှာ နင့်ကို ငါစိန်ခေါ်မယ်။ သည်တစ်ချီ ငါရှုံးတယ်။ နောက်တစ်ကြိမ်ဟာ နင့်အရှုံးကို နင်ပြန်မြင်တဲ့နေ့ ဖြစ်ရမယ်။ နင်မှတ်ထားဖို့ကVIRGO လို့ခေါ်တဲ့ ကန်ရာသီဖွားတွေဟာ 'System builder' လို့ သမုတ် ခံရသူတွေ ဖြစ်တယ်။ ငါတည်ဆောက်လိုက်မယ့် System တစ်ခုမှာ သည်နေ့ ငါခံစားရသလို တန်ပြန် ခံစားစေရမယ်”

သူမ၏ အညိုရောင် ယှက်နေသည့် မျက်ဝန်းများကို ဘာကြောင့်ရယ် မသိ။ သူအကြာကြီး ငေးမောမိသွားသည်။ အလွန်တရာ မာနကြီးသော မိန်းကလေးသည် မျက်ရည်တစ်ပေါက်မှ ကျမလာခဲ့သောကြောင့် သူမျှော်လင့် ခြင်းတွေ ဆုံးရှုံးသွားခဲ့သည်။
သို့သော် ထိုဆုံးရှုံးခြင်းကိုပင် သူ့ဘ၀၌ ပထမဆုံးအကြိမ် အားရဖြစ်ခဲ့လေသည်။

၈။
ဆက်ရှင်ကွဲ သွားခဲ့ပြီးနောက် သူနှင့် သူမ အလှမ်းဝေး သွားခဲ့လေသည်။ ထို အလှမ်းဝေးမှုကို ကံကြမ္မာက ရုတ်ခြည်း ရင်ကြားစေ့ပေးခဲ့သော ညက ရန်ဇော် ရှုံးသည့်ညဖြစ်ခဲ့သည်။
“ဟေ့ကောင် ရန်ဇော်၊ လင်းက မင်းထက် ရှစ်မှတ်တိတိသာတယ်နော်”

“အေးကွာ”

သူအလွန်တရာမှ ဖြေနိုင်ခဲ့ပါသည် ဟူသော ဒဿမတန်း အမှတ်စာရင်း က သူ့ကို လှောင်ပြောင်လို့ နေခဲ့ပြီ။ ထိုညနေက သူနှင့် အလှမ်းဝေးခဲ့တာ ကြာပြီဖြစ်သော ရနံ့လေး တစ်ခု ရောက်လာခဲ့သည်။ ထိုအာရုံဖြင့် အလန့် တကြား မော့ကြည့်လိုက်သောအခါ သူ့သိမ်ငယ်စိတ်တွေ မျက်နှာပေါ်ရှပ် ပြေးသွားသည်ကို ကာကွယ်ချိန် မရလိုက်ခဲ့။ ဖက်တွယ်ရာ ကင်းမဲ့ချိန် ရုတ်တရက် ငေးမိလိုက်သော အရာမှာ သူမ၏ မှဲ့ကလေးဖြစ်သည်။

“ဘယ်လိုလဲ ကက်ပရီကွန်၊ နင် ဒူးမထောက်ရင် ငါက နင့်ဒူးကို ရိုက်ချိုးပစ်မှာနော်”

သူ ၀ဋ်လည် နေပြီဟု ယူကျုံးမရ ကြေကွဲသွားချိန်တွင် သူမ၏စကား ကြောင့် သူ့မာနတွေ ဖြုတ်ခနဲ ကြွေဆင်းသွားရလေသည်။
“ဘယ်လိုလဲ ရန်ဇော်၊ ငါတော့ မက်ဒီကယ်လ်ပဲနော်၊ နင်လည်း ဂရိတ် ဒင်မြင့်တာပဲ။ ငါတို့ မက်ဒီကယ်လ်မှာ ပြန်ဆုံကြတာပေါ့ဟာ”

“ကျွတ်...အဓိပ္ပာယ်မရှိတာ။ နင့်ကို ငါတစ်သက် ပြန်မတွေ့တော့ဘူး ဗားဂိုး”

သူမ၏ ရယ်သံတွေကို အမျိုးအစားခွဲခြား ကြည့်နေဆဲမှာ သူကျရှုံး သွားပြီဟု ထိတ်လန့်စွာ အယူခံဝင်မိသည်။ သူ၏ဘ၀ကို နောက်သို့ပြန်လည် ရွှေ့ခိုင်းခဲ့လေသည်။ မှဲ့နက်တစ်လုံး၊ ဆယ်တန်းအမှတ်စာရင်း၊ သတ္တမတန်း နေ့စွဲများ၊ ဆဋ္ဌမတန်း ဆုပေးပွဲများ...စသည်ဖြင့် တဖြည်းဖြည်းချင်းပုံဖော် ခဲ့သောအရာမှာ မြူနှင်းများအဖြစ် အဆုံးသတ်သွားခဲ့လေသည်။

မြူနှင်းများကြားမှ တစ်စုံတစ်ခုကို သူ သဲကြီးမဲကြီး ရှာဖွေနေခဲ့မိ သည်။ ထို့နောက် သူ့လည်မျိုတွေ ပူလောင်စွာအော်မြည်နေခဲ့သည်။ သူ့အသံ အိုးတွေက စတင်လှုပ်ခတ်ကာ“အူဝဲ”ဟု မြည်စေခဲ့သည်။

“လာခြင်းမကောင်းတဲ့ ကလေးပဲ”

မကြာခဏ ကြားခဲ့ဖူးသော အသံ၏ နှိပ်စက်ခြင်းက သူ့နှလုံးအိမ်သို့ ချင်းနင်းဝင်ရောက်၊ ထို့နောက် ပျောက်ကွယ်ခဲ့သည်။
“ကျွန်တော်က ကံကြမ္မာ ရှိတဲ့ ကမ္ဘာကို လာတာ မဟုတ်ဘူး”

အသံ၏ ကြီးစွာသော နှိပ်စက်ခြင်းအောက်မှာ သူပြေးသည်။ ရုတ်တရက် မှောင်သွားသော ကမ္ဘာမှ ရုန်းထွက်လိုဇောဖြင့် သူနင်းကန် ပြေးသည်။ ပထမမြက်ခင်းပေါ်၊ ဒုတိယ ပလက်ဖောင်း၊ ထို့နောက် ကတ္တရာလမ်း၊ ထို့နောက်... ထို့နောက်...။
“ကက်ပရီကွန်”

သူ သည်အသံကို တစ်နေရာမှ ကြားခဲ့ဖူးပါသည်။ သို့သော် သူအမှန်တကယ် မမှတ်မိတော့ပါ။ ထိုအသံသည် သူနှင့် အဝေးကြီးမှ လာသော်လည်း အနီးအနား၌ပင် ရှပ်တိုက်ပြေးလွှားနေခဲ့သည်။
“ကံကြမ္မာရှိတဲ့ ကမ္ဘာကို လာတာ မဟုတ်ဘူး”
သူ့အသံက တိုးညင်းစွာ ရက်စက်ခဲ့လေသည်။

၉။
“ဟုတ်တယ် ဦးသက်ဇော်၊ ရန်ဇော်ကလေးဟာ ငယ်စဉ်ကတည်းက Psychological Trauma လို့ ခေါ်တဲ့“စိတ်ဒဏ်ရာ”ရခဲ့တာ ဖြစ်မယ်။ အဲဒီတုန်း က မိဘတွေရဲ့ ငြင်းပယ်မှုကို သူ့ဘ၀မှာ အမြဲတစေ အမှတ်ရ နေတတ်တာ မျိုးပေါ့”
ဒေါက်တာကျော်စိုး၏ ကောက်ချက် ဆွဲလိုက်သံ နောက်မှာ ဒေါ်ခင်သိမ့်၏ နောက်ကျောဆီ တုန်လှုပ်ခြင်းတွေ စိုက်ဝင်ခဲ့လေသည်။ သူမ၏ ၀မ်းနည်းမှု ပြယုဂ်မှာ တစ်ညလုံး ငိုထား၍ မျက်လုံးတွေ မို့အစ်ခဲ့ခြင်းသာ ဖြစ်သည်။

“ကျွန်မရဲ့အပြစ်ပါ ဆရာရယ်၊ အမှန်တော့ ကျွန်မတို့ မိဘနှစ်ပါးရဲ့ အငြင်းပွား တိုက်ခိုက်မှုတွေက သားဆီ လွင့်စင်သွားတယ် ထင်ပါရဲ့”

ဒေါ်ခင်သိမ့်သည် မျက်ရည်များ ထပ်၍ စီးကျမလာခဲ့တော့ဘဲ တိတ် ဆိတ်သောဝန်းကျင်ကို အေးစက်စွာ ဖြိုခွင်းခဲ့လေသည်။
“ဟုတ်တယ် ဆရာ၊ ကျွန်တော်တို့ အမှားပါ။ မခင်သိမ့် ကိုယ်ဝန် လွယ်ထားရချိန် ကျွန်တော်တို့ အကြီးအကျယ် ရန်ဖြစ်ခဲ့ကြတယ်။ အဲဒီတုန်းက ကျွန်တော့် စိတ်ထဲမှာ ခင်သိမ့်ကို သူ့ရည်းစားဟောင်းနဲ့ မရိုးဘူး ထင်ခဲ့တာ။ ကျွန်တော်ကတော့ လှည်းကျိုး ထမ်းခဲ့ရတယ်ပေါ့”

ဦးသက်ဇော်၏ လည်မျိုသည် တုန်ယင်မှုကြောင့် လှုပ်ရှားသွားခဲ့သည်ကို ဦးကျော်စိုးက ဆက်တိုက်ဆိုသလိုပင် အကဲခတ်နေခဲ့သည်။
“သူက ကျွန်တော့်ကို တို့ပြန်တယ်။ ကျွန်တော် လိုချင်တဲ့သမီး မွေးပေးနိုင်ရင် ဒါဟာ ကျွန်တော်နဲ့ ရတဲ့ ရင်သွေး၊ မဟုတ်ခဲ့ဘဲ သားမွေးရင်တော့ သူ့ရည်းစားဟောင်းနဲ့ ရတဲ့ ကလေး ဆိုပြီးတော့ပေါ့။ အမှန်တော့...ကျွန်တော့်.. ကျွန်တော့် အတ္တတွေကြောင့်...”

မျက်ရည်များသည် စိတ်တင်းလွန်း ရှာသော ယောက်ျားကြီး တစ်ယောက်၏ ပါးပြင်ပေါ် ပူလောင်စွာ ဖြတ်ပြေးသွားကြ သည်။
“ဒါနဲ့ပဲ ခင်ဗျားတို့ရဲ့သားက လာခြင်း မကောင်းခဲ့ဘူး ဆိုပါတော့ဗျာ၊ ဟုတ်လား”

“ဘာမှ မဟုတ်တဲ့ အနိုင် တစ်ခုအတွက် သည်လောက်ထိ ပေးဆပ်တတ်ရမှန်း ကျွန်တော် မသိခဲ့ဘူး ဆရာ။ ခုချိန်မှာ ကျွန်တော့်အတွက် လိုအပ်နေတာ သားပဲ။ ငယ်စဉ်ကတည်းက မိဘတွေကြောင့် သားမှာ စိတ်ဒဏ်ရာ အကြီးအကျယ် ရနေခဲ့မှန်း ကျွန်တော် မသိခဲ့ဘူး ဆရာ”

ဒေါက်တာကျော်စိုးက သူ့ထံ လာဆွေးနွေး ကြသော လူသားနှစ်ဦးကို စာနာစွာ နှစ်သိမ့် ပေးနိုင်ခဲ့လေသည်။“အေးဗျာ။ အမှန်တော့ ဘယ်ရင်သွေးမဆို လာခြင်း ကောင်းတတ်ကြပါတယ်။ သူ့ကို လက်ခံတဲ့ မိဘတွေကသာ လာခြင်းကောင်းတယ်၊ မကောင်းဘူးထက် ကြိုဆိုကြရမှာပါ။ အမှန်တော့ ဒါဟာ ကံကြမ္မာရဲ့အလုပ် မဟုတ်လား”

ခဏနေတော့ ဆွေးနွေး နှစ်သိမ့်ပြီးချိန်ထိ ငြိမ်သက်စွာ ထိုင်နေမိခဲ့လေသည်။“စိတ်ရောဂါ အထူးကု” သူ့ထံသို့ လာရောက် ဆွေးနွေးကြ သူများတွင် သူ့ကို အအံ့သြဆုံးရသ ပေးစွမ်းနိုင်သည့် လင်မယားကို သူ့တစ်သက် ဘယ်တော့မှ မေ့ပျောက် နိုင်စွမ်းရှိလိမ့်မည် မဟုတ်ပေ။
အမှန်တကယ်တော့ ကိုယ့်အတ္တကိုယ် တစ်ဖက် စောင်းနင်းကြီး မခြုံလွှမ်းလိုက်မိဖို့သာ အရေးကြီးသည်ဟု သူခံယူနေမိသည်။

၁၀။
“ဟော ဖေဖေ ပြန်လာပြီ။ အအေးသွားဖျော် လိုက်မယ်နော် ဖေဖေ”

“နေဦး သမီး၊ ဖေဖေ သည်နေ့ ကြုံတွေ့ခဲ့ရ တဲ့ ကေ့စ်လေးကို ငါ့သမီးဆီ ဖောက်သည်ချရဦးမယ်။ အဲဒါကို မပြောခင် စာအရမ်းတော်တဲ့ သမီး တို့ကျောင်းက ကောင်လေး...ဘာတဲ့။“ရန်ဇော်” ဆိုလား၊ ခု ဖေဖေက သူ့မိဘတွေနဲ့...”

သူမ၏ တစ်ဟုန်ထိုး ထွက်ပြေးခြင်း၏ တုံ့ပြန်မှုအပေါ် ဒေါက်တာကျော်စိုး ခွဲခြမ်း စိတ်ဖြာ ကြည့်နေလေသည်။ ထို့နောက် အတွေး များစွာ၏ နှိပ်စက်မှုဖြင့် အမြဲတစေ အထု အထောင်းခံနေရသော သူတစ်ယောက် ဧည့်ခန်း တွင်းရှိ ဆိုဖာပေါ်မှာပင် နှစ်ခြိုက်စွာ အိပ်မော ကျသွားခဲ့လေသည်။
(၂၀၀၉ ခုနှစ်၊ သြဂုတ်လ (__)ရက်၊ မနက် နှစ်နာရီ တစ်ဆယ့်ငါး...)
တိုင်ကပ်နာရီ၏ သံရှည်ဆွဲသံက သူမအား ခြောက်လှန့်နေခဲ့သည်။ ထိုအချိန်တွင် သူမ၏ လက်၌ ဒိုင်ယာရီ စာအုပ်ကို မြဲမြံစွာ ကိုင်ထားခဲ့ လေသည်။“အသက် နှစ်ဆယ်ပြည့်ပြီ” ဟူသော အတွေးကို ပို၍ သေချာသွားစေသော သြဂုတ်လ၏ ထစ်ချုန်း မိုးရေများက အငြိုးတကြီး ရွာသွန်း နေလေသည်။
“ကက်ပရီကွန်”

ငါနင့်ကို ဘယ်တော့မှ မေ့ရတော့မှာ မဟုတ် ဘူး။ အဲဒီနေ့က ငါပြောချင်တဲ့စကားကို နင်ကြား သွားခဲ့ရဲ့လား။
ငါပြောမယ့်စကားဟာ “အလကားစတာ၊ ငါက အဲလိုနည်းနဲ့ အနိုင် မယူချင်ဘူး” ဆိုတာကို ငါ့လိပ်ပြာ ငါသည်နေ့ သည်အချိန်ထိ ဖွင့်ဟ ၀န်ခံရဲတယ်။ နင်မရှိတော့တဲ့ လောကမှာ စိန်ခေါ် ခြင်းဆိုတာကို ငါ တမင်သက်သက် ရှာဖွေနေရ တယ်။

အမှန်တော့ ငါနင့်ရှေ့ ဒူးထောက်လိုက်တဲ့ နေ့ကတည်းက...
ငါ့အမှန်တရားကို ငါကြားနာ လိုက်ရ တယ်။ ငါက ကေ၀ဋ် ပုဏ္ဏားဖြစ်ရင် နင်က မဟော်သဓာ ဖြစ်တယ်။ VIRGO ဆိုတဲ့ ငါ၊ တည်ဆောက်လိုက်တဲ့ System ဟာ နင့်ဝိညာဉ်ကို နုတ်ယူ သွားနိုင်တယ်လို့သာ ငါကြိုသိခဲ့ရင်။ နောက်ပြီး...။
နောက်ပြီး အရှုံးဟာ ရင်ခုန်သံကို သိမ်မွေ့ စေတယ်ဆိုတာ...
ငါ နင့်ကို...
ငါ...နင့်...ကို...”

လိမ့်ဆင်းလာသော မျက်ရည်ပေါက်များ ရပ်တန့်သွားမှာ စိုး၍ သူမ မျက်နှာမော့ ထားခဲ့သည်။ သူမ၏ မှဲ့နက်ကလေးက သူမကို သရော် ထေ့ပြုံးဖြင့် လှောင်နေဆဲဖြစ်သည်။ မိုးကြိုးပစ် ချလိုက်သံနှင့် မျက်ရည်တစ်စက် လွင့်စင် ကျလာသည်က တိုက်ဆိုင်သွားသည်။“ကံကြမ္မာ ရှိတဲ့ ကမ္ဘာကို လာတာ မဟုတ်ဘူး”

ရေရွတ်သံမှာ တိုးတိတ်လွန်းသောကြောင့် ကက်ပရီကွန်အား လျှို့ဝှက်စွာ တမ်းတခွင့် ရရှိခဲ့ လေသည်။

လင်းစက်နွယ်